ကချင်ပြည်နယ်၏ မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် မျိုးကောင်းမျိုးသန့်များ ဖြန့်ဝေနိုင် ရေးအတွက် မြစ်ကြီးနားမြို့၌ မွေးမြူရေးသရုပ်ပြမျိုးထိန်းမျိုးဖြန့်ခြံ တည်ဆောက်သွားမည်

 ကချင်ပြည်နယ်၏ မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် မျိုးကောင်းမျိုးသန့်များ ဖြန့်ဝေနိုင် ရေးအတွက် မြစ်ကြီးနားမြို့၌ မွေးမြူရေးသရုပ်ပြမျိုးထိန်းမျိုးဖြန့်ခြံ တည်ဆောက်သွားမည်

မြစ်ကြီးနား     ဇွန် ၈

          ကချင်ပြည်နယ်၏ မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရေး၊ မွေးမြူရေးတိရစ္ဆာန် မျိုးကောင်းမျိုးသန့်များနှင့် တိရိစ္ဆာန်အစာပင်မျိုးများ မွေးမြူရေးလုပ်ကိုင်နေကြသည့် တောင်သူများ ထံ ဖြန့်ဝေပေးနိုင်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့နှင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့ ပူးပေါင်း ၍ မြစ်ကြီးနားမြို့၌ မွေးမြူရေးနှင့် သရုပ်ပြသုတေသနခြံတည်ဆောက်သွားနိုင်ရေး စီမံဆောင်ရွက် လျက်ရှိကြောင်း ပြည်နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ သိရှိရသည်။

          အဆိုပါ သရုပ်ပြမျိုးထိန်းမျိုးဖြန့်ခြံကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် တည်ဆောက်သွားနိုင်ရေး အတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့မှ မြစ်ကြီးနားမြို့ မော်ဖောင်းကျေးရွာအုပ်စုအတွင်း မြေဧက ၅၀ လျာထားဆောင်ရွက်လျက်ရှိပြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန(ရုံးချုပ်)မှ Brahman အသားစား နွားမျိုးကောင်ရေ (၅၀)နှင့် Boar အသားစားဆိတ်ကောင်ရေ (၁၀၀) မွေးမြူနိုင်ရေး စီစဉ်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်းနှင့် တိရစ္ဆာန်အစာအဖြစ် မျက်မျိုးစိတ်များကိုလည်း စိုက်ပျိုးပြီး မျိုးဖြန့်ဝေ နိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း ပြည်နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဒေါက်တာသန်းအေးက ရှင်းလင်းပြောကြားသည်။

 ထို့အပြင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ပြည်နယ်အစိုးရအဖွဲ့မှ ကနဦး အစီအမံအဖြစ် စိုက်ပျိုးရေးသိပ္ပံ(မြစ်ကြီးနား)ကျောင်းဝင်းအတွင်း မြေဧက ၂၀ ပေါ်တွင် သားစပ်နိုင်သောအရွယ်ရှိ Brahman အမျိုးအစား အသားစားနွားကောင်ရေ (၅)ကောင် မွေးမြူနိုင်ရေး (၂၀ ပေ× ၂၄ ပေ × ၁၂ ပေ)ရှိ နွားခြံနှင့် Boar အသားစားဆိတ်ကောင်ရေ (၁၀) ကောင် မွေးမြူနိုင်ရေး (၆၀ ပေ× ၃၀ ပေ × ၁၈ ပေ)ရှိ ဆိတ်မွေးမြူရေးခြံ တည်ဆောက်နိုင်ရေးနှင့် ကျန်မြေဧကပေါ်တွင် တိရစ္ဆာန်အစာအဖြစ် နေဗီယာ မြက်ကို အဓိကထား စိုက်ပျိုးလျက်ရှိနေပြီး Stylo(စတိုင်လို) နှင့် Rozi(ရိုဇီ) စသည့် မြက်မျိုး များကိုလည်း စမ်းသပ် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း ပြည်နယ်ဦးစီးမှူးက ထပ်မံရှင်းပြသည်။

အဆိုပါ ကနဦးအစီအမံအဖြစ် စိုက်ပျိုးရေးသိပ္ပံကျောင်းဝင်းအတွင်း သရုပ်ပြမျိုးထိန်းမျိုးဖြန့်ခြံ တည်ဆောက်သွားမည့်အစီအမံများနှင့် နေဗီယာမြက်မျိုးများ စမ်းသပ်စိုက်ပျိုးအောင်မြင် ဖြစ်ထွန်းမှု အခြေအနေကို ဇွန် ၄ ရက်နေ့က ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က သွားရောက် ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။