ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန် သည် ပြည်နယ်အတွင်းရှိ စိုက်ပျိုး ၊မွေးမြူရေး လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေး

 ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန် သည် ပြည်နယ်အတွင်းရှိ စိုက်ပျိုး ၊မွေးမြူရေး လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေး

မြစ်ကြီးနား သြဂုတ် ၁၇

ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန် သည် ဩဂုတ်လ ၁၇ ရက်နေ့ နံနက် ၁၁ နာရီအချိန်က ကချင်ပြည်နယ် အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးကာလ အတွင်း စားနပ်ရိက္ခာ နှင့်ကုန်ထုတ်လုပ်မှု အခြေအနေများနှင့်ပတ်သက်၍  ပြည်နယ် အတွင်းရှိ စိုက်ပျိုး ၊မွေးမြူရေး လုပ်ငန်းရှင်များ နှင့် ရင်းရင်းနှီးနှီး တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။

ရှေးဦးစွာ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦီးခက်ထိန်နန်က ကိုဗစ်-၁၉ ရောဂါ ကြောင့် ပြည်နယ်အတွင်း အဘက်ဘက်၌ အဆင်မပြေမှုများစွာ ရှိကြောင်း အဓိကအားဖြင့် ပြည်သူလူထု၏ စားဝတ်နေရေး အတွက် အာဟာရပြည့်ဝသည့် အခြေခံစားသောက်ကုန်များ ထုတ်လုပ်ရောင်းချရာတွင် စိုက်ပျိုး မွေးမြူရေးလုပ်ငန်းရှင်များ သည် လွန်စွာအရေးပါကြောင်း နှင့် ပြည်နယ်အတွင်း စားနပ်ရိက္ခာ အခက်အခဲများအား အတူတကွ ပူးပေါင်းဖြေရှင်းနိုင်ရန်ယခုကဲ့သို့ ခေါ်ယူဆွေးနွေးရခြင်းဖြစ်ကြောင်းအဖွင့်အမှာစကားပြောကြားသည်။

အဲဒီနောက် ကချင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်လင်းအောင်က မိမိတို့ နိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသည့် နိုင်ငံဖြစ်သည့် အတွက်  ပြည်သူလူထု၏ စားဝတ်နေရေးအတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများအား ကျဆင်းလျော့ကျမှု မရှိစေရေးတို့အား ဆောင်ရွက်ရာတွင် ဌာနဆိုင်ရာများ တတ်သိနားလည်သောပညာရှင်များနှင့် ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ကြောင်း ၊ လုပ်ငန်းအတွက်လိုအပ်သော ချေးငွေများအား သမဝါယမ ဉီးစီးဌာနနှင့် ချိတ်ဆက် ဆောက်ရွက်ကြရန် ဖြည့်စွက်အမှာစကား ပြောကြားသည်။

ယင်းနောက် စိုက်ပျိုးရေးလုပ်ငန်းရှင်များမှ တင်ပြဆွေးနွေးရာ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် လမ်းပန်းဆက်သွယ်ရေးခက်ခဲကာ မြေဩဇာဈေးနှုန်းများ မြှင့်တက်ခြင်း၊ ဈေးကွက် မရရှိခြင်း ၊ ရေရရှိမှု နည်းပါးခြင်း  ၊ခေတ်မှီ နည်းပညာများ မသိရှိခြင်း နှင့် စိုက်ပျိုးရေးသုံးဆေးဝါးများဈေးနှုန်းမြှင့်တက်ခြင်း စသည့် အခက်အခဲများ ရှိကြောင်းတင်ပြဆွေးနွေးခဲ့သည်။

ဆက်လက်ပြီး မွေးမြူရေးလုပ်ငန်းရှင်များ မှ တင်ပြဆွေးနွေးရာ မွေးမြူရေးအတွက် တိရိစ္ဆာန် မျိုးကောင်း ၊မျိုးသန့်ရရှိရန် ဌာနဆိုင်ရာများမှ ကူညီဆောင်ရွက်ပေးရန် ၊ လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုကြောင့် ဉစားကြက်နှင့် အသားစားကြက်  မွေးမြူရေး အစာရေစာများဈေးနှုန်းမြှင့်တက်လျက်ရှိတာကြောင့် ကုန်ထုတ်လုပ်မှု လမ်းအား အဆင်ပြေချောမွေ့အောင် ဆောင်ရွက် ပေးစေလိုကြောင်း တင်ပြဆွေးနွေးခဲ့ရာ ပြည်နယ် စိုက်ပျိုးရေးနှင့် မွေးမြူရေးဉီးစီးဌာန မှ တာဝန်ရှိသူများက သိရှိလိုသည်များအား ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။

အဲဒီနောက် ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦိးခက်ထိန်နန်မှ ကုန်ထုတ်လုပ်မှုလမ်းများ အားကောင်းမွန်ရေးအတွက် အမြန်ဆုံး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း အစည်းအဝေးသို့ တက်ရောက်လာသော လုပ်ငန်းရှင်များအနေဖြင့် စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများအား အစိုးရ ဌာနဆိုင်ရာများနှင့် ပူးပေါင်းပြီး ရေရှည်တည်တံ့ပြီး ပိုမိုဖြစ်ထွန်းအောင်မြင်အောင် ကြိုးစားဆောင်ရွက် သွားကြရန်လိုအပ်ကြောင်း နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ပြီးနောက် လုပ်ငန်းရှင်များအား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။