ဖားကန့်ဒေသတွင် သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှု လျှော့ချနိုင်ရေးနှင့် ဒေသပြန်လည်စိမ်းလန်းစိုပြေရေးအတွက် သစ်ပင်စိုက်ပျိုးခြင်းလုပ်ငန်းကို စီမံချက်ရေးဆွဲ၍ အလေးထားလုပ်ဆောင်ရန်လိုအပ်

 ဖားကန့်ဒေသတွင် သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှု လျှော့ချနိုင်ရေးနှင့် ဒေသပြန်လည်စိမ်းလန်းစိုပြေရေးအတွက် သစ်ပင်စိုက်ပျိုးခြင်းလုပ်ငန်းကို စီမံချက်ရေးဆွဲ၍ အလေးထားလုပ်ဆောင်ရန်လိုအပ်

မြစ်ကြီးနား     ဧပြီ ၇

          ကချင်ပြည်နယ်အတွင်း ကမ္ဘာကျော်ကျောက်စိမ်းထွက်ရှိရာ ဒေသတစ်ခုဖြစ်သည့် ဖားကန့် ဒေသတွင် သဘာဝဘေးအန္တရာယ်ကြောင့်ထိခိုက်ဆုံးရှုံးမှုလျှော့ချနိုင်ရေးနှင့် ဒေသပြန်လည်စိမ်းလန်း စိုပြေရေးအတွက် သစ်ပင်စိုက်ပျိုးခြင်းလုပ်ငန်းကို စီမံချက်ရေးဆွဲ၍ အလေးထားလုပ်ဆောင်သွားရန် လိုအပ်ကြောင်း ဧပြီ ၇ ရက် နံနက် ၁၀ နာရီခွဲတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပ ပြုလုပ်သည့် ဖားကန့်မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်တားဆီးကာကွယ်ရေးနှင့် ဥရုချောင်း ရှင်းလင်းရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က မှာကြားခဲ့ ကြောင်းသိရှိရသည်။

          အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က ဖားကန့်ဒေသတွင် နှစ်စဉ် မိုးရာသီရောက်တိုင်း ဥရုချောင်း ရေကြီးရေလျှံမှုဖြစ်စဉ်များ၊ မြေစာပုံလျှောကျမှုဖြစ်စဉ်များစသည့် သဘာဝဘေးအန္တရာယ်များကြောင့် ထိခိုက်ဆုံးရှုံးမှု လျှော့ချနိုင်ရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် ယခုနှစ် မိုးရာသီတွင် သစ်ပင်စိုက်ပျိုးခြင်းလုပ်ငန်းအတွက် ပျိုးပင်များနှင့် ရန်ပုံငွေများ စီစဉ်ထောက်ပံ့ ပေးသွားမည်ဖြစ်ကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဒေသခံ ပြည်သူများ၊ အသင်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်သွားရန် လိုကြောင်း ထည့်သွင်းပြောကြား ခဲ့သည်။

          ထို့နောက် ဖားကန့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးငြိမ်းမောင်မောင်က ဖားကန့်ဒေသ တွင် ၂၀၁၉ – ၂၀၂၀ ခုနှစ်နှင့် ၂၀၂၁ – ၂၀၂၂ ခုနှစ်  ၃ လပိုင်းအထိ သဘာဝဘေးအန္တရာယ်ဖြစ်ပွားခဲ့မှု အခြေအနေများ၊ ယခုနှစ်မိုးရာသီအတွက် သဘာဝဘေးဖြစ်စဉ်များလျှော့ချနိုင်ရေးအတွက် လုပ်ကွက် ကျင်းဟောင်းရေကန်များတွင် မြေပြင်ကွင်းဆင်းစိစစ်ရေးအဖွဲ့များဖြင့် ကွင်းဆင်းဆောင်ရွက်ခဲ့မှုများ၊ ဥရုချောင်းရှင်းလင်းရေးအတွက် ချောင်းရိုးတစ်လျှောက်နှင့် ချောင်းလက်တက်များတွင် နေရာ(၁၈) နေရာသတ်မှတ်ဆောင်ရွက်နေမှုများ၊ ဖားကန့်/လုံးခင်း ရတနာနယ်မြေအတွင်း သစ်ပင်များ ပြန်လည် စိုက်ပျိုးထားရှိမှုအခြေအနေများနှင့် ကယ်ဆယ်ရေးသုံးပစ္စည်းများ၊ စက်၊ ယာဉ်ယန္တရားနှင့် စက်သုံးဆီ လိုအပ်ချက်များကို ရှင်းလင်းတင်ပြသည်။

          ဆက်လက်၍ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက ဖားကန့် ဒေသ ဥရုချောင်းရှင်းလင်းရေးနှင့် သဘာဝဘေးအန္တရာယ်ဖြစ်စဉ်များ ဖြစ်ပွားမှုမှ လျှော့ချနိုင်ရေး ကြိုတင်ကာကွယ်မှုအဖြစ် သစ်ပင်များ စိုက်ပျိုးနိုင်ရေးအတွက် စီမံဆောင်ရွက်သွားမည့် လုပ်ငန်းစဉ် များနှင့် စပ်လျဉ်း၍ သုံးသပ်အကြံပြု ရှင်းလင်းတင်ပြခဲ့ကြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ရေကြီးရေလျှံမှုမှ ကာကွယ်ရေးအတွက် ဥရုချောင်းရှင်းလင်းခြင်းလုပ်ငန်းကို စနစ်တကျစီမံဆောင်ရွက်သွားရေး၊ ဒေသပြန်လည်စိမ်းလန်းစို ပြေရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှု လျော့နည်းကျဆင်းစေရေးအတွက် သစ်ပင်စိုက်ခြင်းလုပ်ငန်းနှင့် စိုက်ပျိုးပြီးသစ်ပင်များ ကြီးထွား ရှင်သန်စေရေး ထိန်းသိမ်းစောင့်ရှောက်နိုင်ရန် စီမံချက်ရေးဆွဲဆောင်ရွက်သွားရန်နှင့် လိုအပ်သည် များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ဖားကန့်ဒေသတွင် ၂၀၁၉ -၂၀၂၀ ခုနှစ်အတွင်း မြေပြိုဘေး ၃၁ ကြိမ်အပါအဝင် ရေဘေး၊ မီးဘေးစသည့် သဘာဝဘေးဖြစ်ပွားခဲ့မှု (၅၂)ကြိမ် ဖြစ်ပွားခဲ့ပြီး ၂၀၂၁- ၂၀၂၂ ခုနှစ် မတ်လအထိ မြေပြိုဘေး ၁၅ ကြိမ်အပါအဝင် သဘာဝဘေးဖြစ်စဉ် ၁၉ ကြိမ်ဖြစ်ပွားခဲ့ကာ ဥရုချောင်းရေကြီး ရေလျှံမှုကြောင့် ဖားကန့်မြို့ပေါ် ရပ်ကွက် ၄ ရပ်ကွက်တွင် ရေကြီးနစ်မြှုပ်လေ့ရှိကြောင်းနှင့် ဖားကန့် ဒေသစိမ်းလန်းစိုပြေရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် မြေစာပုံဟောင်းနေရာများ တွင် ကျွန်း၊ ပျဉ်းကတိုးအပါအဝင် အရိပ်ရသစ်ပင် ၅ သောင်းကျော် ပြန်လည်စိုက်ပျိုးထားကြောင်း သိရှိရသည်။