မြစ်ကြီးနားမြို့တွင် ပြည်နယ်အဆင့် မိုင်းအန္တရာယ်အသိပညာပေးလုပ်ငန်းအဖွဲ့ ညှိနှိုင်းအစည်းအဝေး(၁/၂၀၂၃)ကျင်းပပြုလုပ်

 မြစ်ကြီးနားမြို့တွင် ပြည်နယ်အဆင့် မိုင်းအန္တရာယ်အသိပညာပေးလုပ်ငန်းအဖွဲ့ ညှိနှိုင်းအစည်းအဝေး(၁/၂၀၂၃)ကျင်းပပြုလုပ်

မြစ်ကြီးနား     ဇန်နဝါရီ ၂၀

          မိုင်းနှင့်ပေါက်ကွဲစေနိုင်သော လက်နက်ပစ္စည်းများကြောင့် ထိခိုက်ဒဏ်ရာရရှိနိုင်သည့် အန္တရာယ်များ လျော့ချနိုင်ရေးအတွက် မိုင်းအန္တရာယ်အသိပညာပေးခြင်း၊ အများပြည်သူထံ သတင်း အချက်အလက်များ ဖြန့်ဝေခြင်းနှင့် မိုင်းအန္တရာယ်ရှိသော နေထိုင်ပြုမူခြင်းများ ပြောင်းလဲလာစေ‌ရေး တို့အား ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်ရန် ရည်ရွယ်ပြီး ပြည်နယ်အဆင့် မိုင်းအန္တရာယ် အသိပညာပေး လုပ်ငန်းအဖွဲ့ ညှိနှိုင်းအစည်းအဝေး (၁/၂၀၂၃) အား ဇန်နဝါရီ ၂၀ ရက် နံနက် ၉နာရီခွဲက လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ပြည်နယ်ဦးစီးမှူးရုံး ပန်းခင်းခန်းမတွင်  ကျင်းပပြုလုပ်သည်။

          ‌ရှေးဦးစွာ ပြည်နယ်အဆင့် မိုင်းအန္တရာယ် အသိပညာပေးလုပ်ငန်းအဖွဲ့ ဥက္ကဌ၊ ပြည်နယ်လူမှု ရေးရာဝန်ကြီး ဦးဝင်းရဲထွန်းက ‘မိုင်းအန္တရာယ် အသိပညာပေးလုပ်ငန်းအဖွဲ့ဝင်များအနေဖြင့် ယနေ့ အစည်းအဝေးတွင် ကချင်ပြည်နယ်အတွင်း ဆောင်ရွက်ခဲ့သော မိုင်းအန္တရာယ်အသိပညာပေး ဆောင် ရွက်ချက်လုပ်ငန်းများ၏ ရလဒ်များ၊ ၂၀၂၃-၂၀၂၄ တွင်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဥ်များ၊ ရေးဆွဲ နိုင်ရေး စသည်တို့ကို ပွင့်ပွင့်လင်းလင်း ဆွေး‌နွေးသွားကြရန်နှင့် လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကူအညီပေးရေးလုပ်ငန်းများ ဆောင်ရွက်နေသော အဖွဲ့အစည်းများအနေနဲ့ မိုင်းအန္တရာယ် အသိပညာပေးရေး၊ မိုင်းကြောင့်ထိခိုက်ဒဏ်ရာရသူများအား အကူအညီပေးရေး  အစရှိသည်များကို ယခုထက်ပိုမိုဆောင်ရွက်နိုင်ရေး ဌာနဆိုင်ရာများအနေဖြင့် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရေး’ တိုက်တွန်းမှာကြားသည်။

          ယင်းနောက် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည် ထူထောင်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်‌ကျော်မိုးက  မိုင်းအန္တရာယ်အသိပညာပေး လုပ်ငန်းနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းတို့၏ တိုးတက်မှုအခြေအနေများအား ပါဝါပွိုင့်ဖြင့် ရှင်းလင်းတင်ပြပြီး တက်ရောက်လာသော ပြည်နယ်အဆင့် မိုင်းအန္တရာယ်အသိပညာပေးလုပ်ငန်း အဖွဲ့ဝင်များမှ မိုင်းထိပြည်သူများအတွက် လိုအပ်သော ပညာရေး၊ ကျန်းမာရေး၊ အသက်မွေးဝမ်း ကျောင်းသင်တန်းများ တက်‌ရောက်နိုင်ရေး အပါအဝင် မိုင်းကြောင့် ထိခိုက်ဒဏ်ရာရသူများအား ကူညီနိုင်ရေးတို့အား မေးမြန်းဆွေးနွေး တင်ပြခဲ့ကြကြောင်း သတင်းရရှိသည်။