မြစ်ကြီးနားမြို့၌ ပထမအကြိမ် ရှမ်းမျိုးနွယ်စုဝင် တိုင်းလိုင်တိုင်းရင်းသားဘာသာသင် ဆရာ/ ဆရာမ (၆၁)ဦး သင်ရိုးသစ် ဆရာအတတ်သင်(TOT) သင်တန်းဆင်း

 မြစ်ကြီးနားမြို့၌ ပထမအကြိမ် ရှမ်းမျိုးနွယ်စုဝင် တိုင်းလိုင်တိုင်းရင်းသားဘာသာသင် ဆရာ/ ဆရာမ (၆၁)ဦး သင်ရိုးသစ် ဆရာအတတ်သင်(TOT) သင်တန်းဆင်း

မြစ်ကြီးနား     ဇွန် ၂၇

          ကချင်ပြည်နယ်အတွင်းရှိ ရှမ်းတိုင်းရင်းသားမျိုးနွယ်စုဝင် တိုင်းလိုင်(ရှမ်းနီ)မျိုးနွယ်စုဝင်များ အတွက်  တိုင်းလိုင် (ရှမ်းနီ)စာပေနှင့် ယဉ်ကျေးမှုဗဟိုကော်မတီမှ ကြီးမှူးဖွင့်လှစ်သည့် ပထမအကြိမ် အဖြစ် တိုင်းလိုင်(ရှမ်းနီ)တိုင်းရင်းသားဘာသာသင် ဆရာ/ ဆရာမ (၆၁)ဦးတို့အား ဇွန် ၂၂ ရက်မှ ဇွန် ၂၆ ရက်နေ့အထိ (၅)ရက်ကြာ ဖွင့်လှစ်သင်ကြားခဲ့သော Great – I နှင့် Great II သင်ရိုးသစ် ဆရာ အတတ်သင် (TOT) သင်တန်းဆင်းပွဲကို ဇွန် ၂၆ ရက် နံနက် ၁၁ နာရီတွင် မြစ်ကြီးနားမြို့ ခေမာသီရိ ရပ်ကွက်ရှိ ရှမ်းမျိုးနွယ်စုများဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။

          သင်တန်းဆင်းပွဲတွင် ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်က ဝန်ကြီးဌာနအနေဖြင့် တိုင်းရင်းသားလူမျိုးများ၏ ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှု၊ အနုပညာ၊ ရိုးရာ ဓလေ့ထုံးတမ်းသမိုင်းအမွေအနှစ်များကို ထိန်းသိမ်းကာကွယ်ရန်၊ တိုင်းရင်းသားတို့၏ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်လာစေရန်၊ တန်းတူညီမျှသော နိုင်ငံသားအခွင့်အရေးရရှိစေရန် ရည်ရွယ်ဆောင်ရွက်ပေး လျက်ရှိကြောင်း၊ ယနေ့ သင်တန်းဆင်းဆရာ/ဆရာမများအနေဖြင့် မိမိတို့၏ စာပေနှင့်ယဉ်ကျေးမှုများ ရိုးရာအမွေအနှစ်များကို မပျောက်ပျက်အောင် စေတနာထက်သန်စွာဖြင့် ကြိုးစားသင်ကြားကြရန် လို ကြောင်း တိုက်တွန်းမှာကြားသည်။

          ထို့နောက် တိုင်းလိုင်(ရှမ်းနီ)စာပေနှင့် ယဉ်ကျေးမှုဗဟိုကော်မတီ ဥက္ကဋ္ဌ၊ ဒေါ်ခင်ပြုံးရည်က သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ တိုင်းလိုင်ဘာသာ Great – I နှင့် Great II သင်ရိုးသစ်ပြုစု ဆောင်ရွက်ခဲ့မှုများ၊ အနာဂတ်မျိုးနွယ်စုများအတွက် လက်ဆင့်ကမ်းထိန်းသိမ်းနိုင်ရေး ဆောင်ရွက် သွားရမည့် ကိစ္စရပ်များ ရှင်းလင်းပြောကြားပြီး တိုင်းရင်းသားရေးရာဝန်ကြီးဌာန၊ ပြည်နယ်တိုင်းရင်း သားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ပြည်နယ်တာဝန်ခံဒေါ်အိအိအေးနှင့်ဦးစီးအရာရှိ ဦးခင်မောင်ထွန်း တို့က ဝန်ကြီးဌာနမှ တိုင်းရင်းသားဘာသာသင်ဆရာ၊ ဆရာမများ ခန့်အပ်ထားရှိမှုနှင့် ဆရာ၊ ဆရာမ များ၏ လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးနေမှု အခြေအနေများကို အသီးသီးရှင်း လင်းတင်ပြကြရာ သင်တန်းသားများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြောကြား ခဲ့သည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးသည် ဗဟိုကော်မတီဥက္ကဋ္ဌ၊ တာဝန်ရှိသူများနှင့်အတူ တိုင်းလိုင် (ရှမ်းနီ)ဘာသာဖြင့် ထုတ်ဝေထားသည့် ပုံပြစာအုပ်များ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး အသိပညာပေးပိုစတာများ၊ Great – I နှင့် Great II သင်ရိုးသစ်စာအုပ်များကို ကြည့်ရှုလေ့လာခဲ့ကြကာ ပြည်နယ်ဝန်ကြီးက သင်တန်းသား/သူ များအတွက် ထောက်ပံ့ငွေများအား ပေးအပ်ခဲ့သည်။

          အဆိုပါ တိုင်းလိုင်တိုင်းရင်းသားဘာသာသင်ရိုးသစ် (TOT) သင်တန်းကို ပြည်နယ်အတွင်းရှိ မြို့နယ်များမှ တိုင်းလိုင်တိုင်းရင်းသား (၆၁)ဦး တက်ရောက်ခဲ့ကြပြီး Great – I နှင့် Great II သင်ရိုးသစ် အတွက် (၅)ရက်ကြာသင်ကြားပို့ချခဲ့ခြင်းဖြစ်ပြီး ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် တိုင်းလိုင်တိုင်းရင်း သားဘာသာသင်ဆရာ/ဆရာမ ၇၄ ဦးခန့်ထားပြီးဖြစ်ကြောင်း သိရှိရသည်။