မြစ်ကြီးနားမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု ပြည်နယ်အဆင့် အထိမ်းအမှတ်အခမ်းအနားနှင့် ကျောင်းသားကလေးငယ်များအား အာဟာရတိုက်ကျွေး

 မြစ်ကြီးနားမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု ပြည်နယ်အဆင့် အထိမ်းအမှတ်အခမ်းအနားနှင့် ကျောင်းသားကလေးငယ်များအား အာဟာရတိုက်ကျွေး

မြစ်ကြီးနား     သြဂုတ် ၁၂

          ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းကျန်းမာရေးသီတင်းပတ် လှုပ်ရှားမှု ပြည်နယ်အဆင့် အထိမ်းအမှတ်အခမ်းအနားနှင့် ကျောင်းသားကလေးငယ်များအား အာဟာရတိုက်ကျွေးခြင်းတို့ကို သြဂုတ် ၁၂ ရက် နံနက် ၉ နာရီခွဲက မြို့တော်ခန်းမနှင့် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတို့တွင် ကျင်းပပြုလုပ်ရာ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ တက်ရောက်အားပေးခဲ့ကြသည်။

          ရှေးဦးစွာ ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု ပြည်နယ်အဆင့် အထိမ်းအမှတ် အခမ်းအနားကို မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်အစိုးရဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်းက ကျန်းမာသန်စွမ်းသည့် လူအဖွဲ့အစည်း တည်ဆောက်နိုင်ရေးအတွက် ကျောင်းသား လူငယ်များ၏ ကျန်းမာရေးအဆင့်အတန်းမြှင့်တင်ရေးသသည် အဓိကကျသော ကဏ္ဍဖြစ်ပါကြောင်း၊ ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုအဖြစ် ပြည်နယ်အတွင်းရှိ အခြေခံပညာကျောင်း၊ ကိုယ်ပိုင်ကျောင်းနှင့် ဘုန်းတော်ကြီးသင်စာသင်ကျောင်းများရှိ မူလတန်း၊ အလယ်တန်း၊ အထက် တန်းကျောင်းသား/ ကျောင်းသူ (၃၀၀၀၀၀)နီးပါးအား ကျန်းမာရေးနှင့်ညီညွတ်သော အလေ့အကျင့် ကောင်းများ ရရှိကျင့်သုံးနိုင်စေရေးနှင့် သန့်ရှင်း၍ ကျန်းမာရေးနှင့်ညီညွတ်သော ကျောင်းပတ်ဝန်း ကျင်များ ပေါ်ထွန်းလာစေရေးနှင့် ရေရှည်တည်တံ့စေရေးအတွက် အားလုံးက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန် လိုကြောင်း တိုက်တွန်းပြောကြားသည်။

          ထို့နောက် ကျန်းမာရေးဝန်ကြီးဌာန၏ ကျောင်းကျန်းမာရေး သီတင်းပတ်အထိမ်းအမှတ် ဗီဒီယို ကလစ်အား ဖွင့်လှစ်ပြသပြီး အမှတ်တရမှတ်တမ်းတင်ဓာတ်ပုံစုပေါင်းရိုက်ကူးကြကာ ပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများဖြစ်သည့် စီးပွားရေးရာဝန်ကြီး၊ သယံဇာတရေးရာဝန်ကြီး၊ လူမှုရေးရာ ဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များက ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အခမ်းအနားအထိမ်းအမှတ် ပြသထားသည့် ပြခန်းငယ်အား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။

          ထိုမှတစ်ဆင့် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းကျန်းမာရေးသီတင်း ပတ်လှုပ်ရှားမှုအဖြစ် ကျောင်းသား/ ကျောင်းသူလေးများ၏ ပန်းချီ၊ ကာတွန်း၊ စာစီစာကုံးနှင့် စွမ်းရည် ပြိုင်ပွဲများ ပြုလုပ်ကျင်းပထားရှိမှုနှင့် ကျောင်းတွင်း အာဟာရဖွံ့ဖြိုးရေးနှင့် အစားအစာများအန္တရာယ် ကင်းဝေးရေးအတွက် ပြသထားသည့်  အစာအုပ်စုပြခန်းအတွင်း လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး မူလတန်းကျောင်းသားကလေးငယ်များအား အာဟာရတိုက်ကျွေးရေးအစီအစဉ်အဖြစ် နွားနို့၊ ကြက်ဥ နှင့် ငှက်ပျော်သီးများကို ဝေငှကျွေးမွေးခဲ့ကြသည်။

          ယင်းနောက် အေးမြသီတာခန်းမ၌ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ပညာရေး ဌာနတို့ ပူးပေါင်း၍ အသက် (၅)နှစ်မှ အသက် (၁၂)နှစ်နှင့်အထက် ကျောင်းသား/ကျောင်းသူများအား ကိုဗစ်ကာကွယ်ဆေးထိုးလုပ်ငန်း ဆောင်ရွက်ပေးနေမှု၊ ကျောင်းကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း များနှင့် ကျောင်းအခြေပြုကျန်းမာမူအသိပညာမြှင့်တင်ရေးအတွက် ကျောင်းသားကလေးငယ်များ၊ ဆရာ/ဆရာမများနှင့် ကျောင်းသားမိဘများအား ကျောင်းကျန်းမာရေးအသိပညာပေးဟောပြောပွဲများ ကျင်းပပြုလုပ်နေမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရှိရသည်။