မြစ်ကြီးနားမြို့၌ (၇၇) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စာစီစာကုံး၊ ကဗျာနှင့် ဆောင်းပါးပြိုင်ပွဲ ဆုရရှိသူများအား ဂုဏ်ပြုဆုများချီးမြှင့်

 မြစ်ကြီးနားမြို့၌ (၇၇) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စာစီစာကုံး၊ ကဗျာနှင့် ဆောင်းပါးပြိုင်ပွဲ ဆုရရှိသူများအား ဂုဏ်ပြုဆုများချီးမြှင့်

မြစ်ကြီးနား     မတ် ၂၃

          ၂၀၂၂ ခုနှစ်၊ မတ်လ (၂၇)ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကချင်ပြည်နယ်အစိုးရအဖွဲ့မှ မြစ်ကြီးနားမြို့၌ ကြီးမှူးကျင်းပခဲ့သော တက္ကသိုလ်အဆင့်နှင့် အခြေခံပညာအဆင့် စာစီစာကုံး၊ ကဗျာနှင့် ဆောင်းပါးပြိုင်ပွဲတွင် ဆုရရှိသူ များအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားကို မတ် ၂၃ ရက် နံနက် ၉ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပပြုလုပ်သည်။

          ‌ရှေးဦးစွာ ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က နှစ်စဉ်နှစ်တိုင်း တစ်မျိုးသားလုံး၏ စည်းလုံးညီညွတ်မှုနှင့် နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ကို  ဖော်ထုတ် ပြသနိုင်ခဲ့သည့် မြန်မာ့သမိုင်းဝင်နေ့တစ်နေ့ဖြစ်သည့် တပ်မတော်နေ့ အထိမ်းအမှတ် ပြိုင်ပွဲများ တွင် ယခုလိုဝင်ရောက်ယှဉ်ပြိုင်ပြီး ဆုရရှိကြသည့် လူငယ်၊ မောင်/မယ်များအတွက် ဂုဏ်ယူပါ ကြောင်း၊ အနာဂတ်တွင်လည်း မိမိနိုင်ငံ၊ မိမိလူမျိုး၊ ဘာသာ၊ သာသနာနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုး တက်ရေးအတွက် ကျရာအခန်းကဏ္ဍမှ ဦးဆောင်နိုင်သူများဖြစ်ကြရန် ကြိုးပမ်းကြစေလိုကြောင်း ဂုဏ်ပြုပြောကြားသည်။

          ထို့နောက် မြစ်ကြီးနားတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာအောင်ဝင်းက (၇၇) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာနှင့် ဆောင်းပါးပြိုင်ပွဲများကို မတ်လ ၁၅ ရက် နေ့တွင် တက္ကသိုလ်အဆင့်အတွက် မြစ်ကြီးနားတက္ကသိုလ်တွင် လည်းကောင်း၊ အခြေခံပညာ အဆင့်အတွက် အမှတ်(၉)အခြေခံပညာအထက်တန်းကျောင်းတွင်လည်းကောင်း ပြုလုပ်ကျင်းပမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

          ယင်းနောက် ဂုဏ်ပြုဆုများကို ပေးအပ်ချီးမြှင့်ရာ ပြည်နယ်ဝန်ကြီးချုပ်၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်ချုပ်မြတ်သက်ဦးနှင့် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်အောင်မျိုးဦးတို့က တက္ကသိုလ်အဆင့်စာစီစာကုံး၊ ကဗျာနှင့်  ဆောင်းပါးပြိုင်ပွဲ ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုရ ကျောင်းသား/ ကျောင်းသူများအား လည်းကောင်း၊ မြစ်ကြီးနားတပ်နယ်မှူး ဗိုလ်မှူးချုပ် ကျော်ကျော်နိုင်၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်ကြည်လင်းနှင့် ပြည်နယ်စီးပွားရေးရာဝန်ကြီးဦးမျိုးဆွေတို့ကအခြေခံပညာအဆင့်စာစီစာကုံး၊ကဗျာနှင့်ဆောင်းပါး ပြိုင်ပွဲများပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုရ ကျောင်းသား/ ကျောင်းသူများအား လည်းကောင်း ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရှိရသည်။