ဝါဆိုလပြည့်(ဓမ္မစကြာအခါတော်နေ့)၌ မြစ်ကြီးနားမြို့ ရှေးဟောင်းသမိုင်းဝင်စေတီပုထိုးများတွင် ကုသိုလ်ကောင်းမှုပြုသူများဖြင့် စည်ကားလျက်ရှိ

 ဝါဆိုလပြည့်(ဓမ္မစကြာအခါတော်နေ့)၌ မြစ်ကြီးနားမြို့ ရှေးဟောင်းသမိုင်းဝင်စေတီပုထိုးများတွင် ကုသိုလ်ကောင်းမှုပြုသူများဖြင့် စည်ကားလျက်ရှိ

မြစ်ကြီးနား     သြဂုတ် ၁

          မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့)တွင် ဗုဒ္ဓဘာသာဝင် တို့၏ နေ့ထူးနေ့မြတ်ဖြစ်သည်နှင့်အညီ သြဂုတ် ၁ ရက်နေ့တွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ ရှေးဟောင်းသမိုင်းဝင် စေတီပုထိုးများတွင် ကုသိုလ်ကောင်းမှုပြုသူများဖြင့် စည်ကားလျက်ရှိသည်။

          ထို့သို့ စည်ကားလျက်ရှိရာ မြစ်ကြီးနားမြို့ သီတာရပ်ကွက်အတွင်း ဧရာဝတီမြစ်ကမ်းဘေးရှိ ရှေးဟောင်းသမိုင်းဝင် လောကမာန်အောင်ဆုတောင်းပြည့်စေတီတော်တွင် ကုသိုလ်ကောင်းမှုပြုသူ များ၊ လာရောက် လည်ပတ်လေ့လာသူများ၊ ဈေးဆိုင်ခန်းငယ်များဖြင့် အထူးစည်ကားလျက်ရှိသည့် အပြင် ရပ်တော်မူဘုရားနှင့် လျောင်းတော်မူဘုရားတို့တွင်လည်း ကုသိုလ်ကောင်းမှုပြုသူများဖြင့် စည်ကားလျက်ရှိပြီး ဧရာဝတီမြစ်ဆိပ်တွင်လည်း ဇီဝိတဒါနအဖြစ် ငါးလွှတ်ကုသိုလ်ပြုသူတို့ဖြင့် စည်ကားလျက်ရှိသည်။

          ထို့အပြင် မြစ်ကြီးနားမြို့ရှိ အောင်ဇေရန်အောင်ဘုရား၊ အံတော်ရှင်စေတီတော်စသည့် ဘုရား စေတီပုထိုးများအပြင် ဘုန်းတော်ကြီးကျောင်းများတွင်လည်း ကုသိုလ်ကောင်းမှုပြုသူ များပြားလျက်ရှိ ကြောင်း သိရှိရသည်။