ကချင်ပြည်နယ်ဝန်ကြီးချုပ် မိုးညှင်းမြို့နယ်အတွင်း မွေးမြူ ရေးလုပ်ငန်းများ တိုးမြှင့်မွေးမြူထုတ်လုပ်နိုင်ရေး ကွင်းဆင်းစစ်ဆေး

မြစ်ကြီးနား  မေ ၇

          ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဟဲလုံခေတ်မီစံပြကျေးရွာသို့ သွားရောက်ပြီး နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမတည်ပံ့ပိုးမှုဖြင့် နို့စားနွားမွေးမြူရေးလုပ်ငန်းများအား တိုးချဲ့လုပ်ကိုင်ဆောင်ရွက်လျက်ရှိသော မွေးမြူရေးတောင်သူ ဦးရာမ်မူး၏ နို့စားနွားမွေးမြူ‌ရေးခြံ၌ နို့စားနွားများ ခြံလှောင်စနစ်ဖြင့် စနစ်တကျမွေးမြူထားရှိမှု၊ နွားစာအဖြစ်  ခြံဝင်းအတွင်း နေဗွီယာမြက်ခင်းများ စိုက်ပျိုးထားရှိမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး မွေးမြူရေးမှ အကျိုး အမြတ်ရရှိမှုအခြေအနေများ၊ ဈေးကွက်ရရှိမှုများကို မေးမြန်းဆွေးနွေးခဲ့ကြပြီး တိုးချဲ့မွေးမြူနိုင်ရေးအတွက် လိုအပ်သည့် နည်းပညာနှင့် နည်းစနစ်ကျကုသမှုများ၊ ဆေးဝါးများပံ့ပိုးပေးနိုင်ရေး ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ချိတ်ဆက်ဆောင်ရွက်ပေးခဲ့ကာ မွေးမြူရေးအထောက်အကူပြုဆေးဝါးများကို ပေးအပ်ခဲ့ကြသည်။

          ယင်းနောက် အဆိုပါကျေးရွာအတွင်း မွေးမြူရေးလုပ်ငန်းရှင် ဦးယိန်းဘောင်၏ခြံ၌ ငါးကန်များ စနစ်တကျတူးဖော်၍ ရွှေဝါငါးကြင်း၊ တီလားဗီးယားငါးများ မွေးမြူထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ဈေးကွက်အတွင်း ငါးများဖြန့်ဖြူးရောင်းချထုတ်လုပ်နိုင်မှု အခြေအနေများနှင့် ငါးသားပေါက်ရရှိမှုတို့ကိုမေးမြန်းကာ ကိုယ်တိုင် ငါးသားဖောက် မွေးမြူနိုင်သည့်အဆင့်အထိ ကြိုးစားနိုင်ရေးလိုအပ်သည်များ ပံ့ပိုးကူညီပေးနိုင်ရေး ပေါင်းစပ်ချိတ်ဆက်ဆောင်ရွက်‌ပေးခဲ့သည်။

          ထို့နောက် အဆိုပါကျေးရွာအတွင်းရှိ မွေးမြူရေးတောင်သူ ဦးချန်ဒရေး၏ခြံ၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ မတည်ပံ့ပိုးမှုဖြင့် တိုးချဲ့လုပ်ကိုင်လျက်ရှိသော နို့စားနွားမွေးမြူရေးခြံအတွင်း နို့စားနွားများ စနစ်တကျမွေးမြူထားရှိမှု အခြေအနေများနှင့် မွေးမြူရေးနှင့် ကုသ‌ရေးဦးစီးဌာနက ခွာနာလျာနာရေဂါကာကွယ်ဆေးထိုးနှံပေးနေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး မွေးမြူရေးအထောက် အကူပြုဆေးဝါးများကို ပံ့ပိုးပေးအပ်ခဲ့သည်။

          ယင်းနောက် သီရီသီဝဘုရားကျောင်း၌ ဂေါ်ရဂါးယဉ်ကျေးမှုအဖွဲ့များနှင့် ရိုးရာအကအလှများဖြင့် ကြိုဆိုနှုတ်ဆက်မှုများကို အားပေးကြည့်ရှုခဲ့ကြကာ ယဉ်ကျေးမှုအကအဖွဲ့များအတွက် ချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့်ခဲ့ကြပြီး ဒေသခံများ၏ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး၊ မွေးမြူရေးလုပ်ငန်းများအတွက် ချေးငွေရရှိရေးစသည့် တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းပေးခဲ့ကာ အားလုံးက ယခုလိုမွေးမြူရေးလုပ်ငန်းကို စိတ်ဝင်တစားရှိကြသည့်အတွက် တိုးချဲ့မွေးမြူနိုင်ရေး မိမိတို့အနေဖြင့် အတတ်နိုင်ဆုံး လုပ်ထုံး လုပ်နည်းနှင့်အညီ ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်းမှာကြားခဲ့ကာ ဂေါ်ရခါးယဉ်ကျေးမှုအကအဖွဲ့နှင့် ရှမ်းမျိုးနွယ်စုများအတွက် ချီးမြှင့်ငွေများကို ပေးအပ်ခဲ့ကြကြောင်းသိရသည်။