ကချင်ပြည်နယ်ဝန်ကြီးချုပ် ပူတာအိုမြို့၌ ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေးအတွက် ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ငွေ၊ ကျောင်းသုံးစာရေးကိရိယာများနှင့် ဒေသဖွံ့ရေးရန်ပုံငွေများ ပေးအပ်၊ ဇီးအွန်ကျေးရွာအတွင်း လယ်သီးထပ်ဆောင်းသီးနှံ ဆီမုန်ညှင်းစိုက်ခင်းများအား ကြည့်ရှုစစ်ဆေး၊ ကောင်းမှုလုံစေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော်နှင့် အသံမစဲမဟာ ပဋ္ဌာန်းမြတ်ပူဇော်ပွဲတွင် ထည့်သွင်းကျင်းပလျက်ရှိသော ပြိုင်ပွဲများအား သွားရောက်ကြည့်ရှုအားပေး
မြစ်ကြီးနား ဇန်နဝါရီ ၃၁ မြန်မာပြည်မြောက်ဖျားပိုင်း ကချင်ပြည်နယ်၊ ပူတာအိုခရိုင်အတွင်း စားဆီဖူလုံရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူတာအိုမြို့သို့ရောက်ရှိနေသော ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပူတာအိုမြို့ ဖုန်ကန်ရာဇီခန်းမ၌ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုကြမည့် ကျောင်းသား/ကျောင်းသူများ၊ ဒေသခံပြည်သူများနှင့် ယနေ့ နံနက် ၉ နာရီက တွေ့ဆုံသည်။ ရှေးဦးစွာ ကျောင်းသား၊ ကျောင်းသူလေးများက မိုးယံလွှင့်ပျံ လက်ခုပ်သံ တေးသီချင်းဖြင့် သီဆိုဖျော်ဖြေကပြတင်ဆက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က တက္ကသိုလ်စာမေးပွဲအောင်ချက်မြင့်မားရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ပူတာအိုခရိုင်၏ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် အားလုံးက ဝိုင်းဝန်းကြိုးစားဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ထို့အပြင် ခရိုင်၏အောင်ချက်မြင့်မားရေးအတွက် အဖွဲ့ (၅)ဖွဲ့ ဖွဲ့စည်းပြီး ကွင်းဆင်းကာ ကြီးကြပ်ဆောင်ရွက်လျက်ရှိသည်ဟု သိရှိရပါကြောင်း၊ ကလေးများ၏ အခက်အခဲများကိုအနီးကပ်ဖြေရှင်းဆောင်ရွက်ပေးကြရန်နှင့် အရေးကြီးတာဝန်တစ်ရပ်အဖြစ် စေတနာအပြည့်နှင့် ကြိုးစားထမ်းဆောင်ကြရန် လိုအပ်ပါကြောင်း တိုက်တွန်းမှာကြားသည်။…