ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မိုးကောင်းမြို့၌ ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ ရပ်မိရပ်ဖများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံ

 ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မိုးကောင်းမြို့၌ ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ ရပ်မိရပ်ဖများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံ

မြစ်ကြီးနား     ဇွန် ၁၁

          ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်သည် ပြည်နယ်ကောင်စီ အဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့်အတူ မိုးကောင်းမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ ရပ်မိရပ်ဖများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တေွ့ဆုံပွဲ ကို ဇွန် ၁၁ ရက် နံနက် ၉ နာရီတွင် မိုးကောင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်း အဝေးခန်းမ၌ ကျင်းပသည်။

          တွေ့ဆုံပွဲတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က မြန်မာနိုင်ငံ၏ နိုင်ငံရေးဆင့်ကဲပြောင်းလဲမှုဖြစ်စဉ်များနှင့် လက်ရှိနိုင်ငံရေးပြောင်းလဲမှုဖြစ်စဉ်တွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအနေဖြင့် (၂၀၀၈)ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပါ အရေးပေါ်ကာလဆိုင်ရာ ပြဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ရွေးကောက်ပွဲ ပြန်လည်ကျင်းပပေးနိုင်ရေး အတွက် နိုင်ငံတော်၏ တာဝန်အရပ်ရပ်ကို ဦးတည်ချက်(၉)ရပ်၊ ရှေ့လုပ်ငန်းစဉ် (၅)ရပ်ချမှတ်၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ ရွေးကောက်ပွဲပြန်လည် ကျင်းပပြီး မိမိတို့လို လားတောင်းတသော ဖက်ဒရယ်စနစ်ကို အခြေခံသည့် ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက် ရေးကို ကြိုးပမ်းဆောင်ရွက်ရာတွင် ဌာနဆိုင်ရာအဖွဲ့ အစည်းများအနေဖြင့် စိတ်ခံစားမှုအပေါ် ဦးစားမပေးဘဲ မိမိတို့၏ လုပ်ငန်းတာဝန်များကို ကျေပွန်စွာထမ်းဆောင်ရန်လိုကြောင်းနှင့် ရွေး ကောက်ပွဲပြန်လည်ကျင်းပနိုင်ရေးအတွက် နိုင်ငံသားတိုင်း ဥပဒေနှင့်အညီ နိုင်ငံသားမှတ်ပုံတင်ရရှိ ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ပန်းခင်းစီမံချက်ကို ဝိုင်းဝန်းကူညီ ဆောင်ရွက်ကြရေးနှင့် မိမိတို့ ရပ်ရွာ၊ မြို့နယ်တည်ငြိမ်းအေးချမ်းမှုရှိစေရေးကို အလေးထား ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ထို့အပြင် အခြေခံပညာကျောင်းများ အေးချမ်းတည်ငြိမ်စွာ ဖွင့်လှစ်ပညာသင်ကြားနိုင်ရေးနှင့် ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေးကိုလည်း ဝိုင်းဝန်းကာကွယ်ထိန်းချုပ်သွားရမည်ဖြစ်ကြောင်း ပြောကြားသည်။

          ယင်းနောက် ပြည်နယ်ကောင်စီအဖွဲ့ဝင်များက တာဝန်ယူဆောင်ရွက်ရသည့် လုပ်ငန်း တာဝန်များကို အသီးသီးရှင်းလင်းမိတ်ဆက်ပြောကြားကြပြီး တက်ရောက်လာကြသည့် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များ၊  မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများနှင့် ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများက မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး လိုအပ်ချက်များကို တင်ပြဆွေးနွေးကြရာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက လိုအပ်ချက်များအပေါ် ပြန်လည်ရှင်းလင်းဆွေးနွေး မှာကြားခဲ့သည်။

          ထို့နောက် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာအဖွဲ့အစည်းများအတွက် ထောက်ပံ့ငွေများကို ပေးအပ်ရာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် ပြည်နယ်ကောင်စီအဖွဲ့ဝင်များက မြို့နယ် ဆေးရုံကျန်းမာရေးဝန်ထမ်းများအတွက် ထောက်ပံ့ငွေကျပ် (၁၀)သိန်း၊ မြို့နယ်အဆင့်ဌာနဆိုင် ရာများအတွက် ထောက်ပံ့ငွေကျပ်သိန်း(၂၀)၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးဝန်ထမ်း များအတွက်  ထောက်ပံ့ငွေကျပ်(၁၀)သိန်းစီနှင့် မြို့နယ်မီးသတ်တပ်ဖွဲ့အတွက် ထောက်ပံ့ငွေကျပ် (၅)သိန်း စုစုပေါင်းထောက်ပံ့ငွေကျပ် (၅၅)သိန်းကို မြို့နယ်အဆင့်ဌာနဆိုင်ရာအဖွဲ့အစည်းများထံ အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြသည်။