ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မြစ်ကြီးနားမြို့ပေါ် Quarantine Centre များ နှင့် Isolation Centre များကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ပါဝင်ကူညီဆောင်ရွက်နေသူ များအား အားပေးထောက်ပံ့

 ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မြစ်ကြီးနားမြို့ပေါ်  Quarantine Centre များ နှင့် Isolation Centre များကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ပါဝင်ကူညီဆောင်ရွက်နေသူ များအား အားပေးထောက်ပံ့

မြစ်ကြီးနား     ဇူလိုင် ၁၆

          ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ပေါ်ရှိ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်း များအတွက် အသွားအလာကန့်သတ်ထားရှိသည့် Quarantine Centre များနှင့် ကိုဗစ်-၁၉ အတည် ပြုလူနာများ သီးသန့်ထားရှိသည့် Isolation Centre များကို ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးတို့က ဇူလိုင် ၁၆ ရက် မွန်းလွဲ ၂နာရီတွင် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပါဝင်ကူညီဆောင်ရွက်နေကြသူ များအား တွေ့ဆုံအားပေးထောက်ပံ့ခဲ့ကြသည်။

          မြစ်ကြီးနားမြို့ပေါ်ရှိ Quarantine Centre များနှင့် Isolation Centre များကို  ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် မြတ်သက်ဦးနှင့်တပ်မတော်အရာရှိကြီးများ၊ဌာနဆိုင်ရာတာဝန်ရှိသူများက ကိုဗစ်-၁၉ အတည်ပြု လူနာများနှင့် ထိတွေ့မှုရှိသည့်သူများအား Quarantine Centre အဖြစ် မြစ်ကြီးနားမြို့ အံ့တော်ရှင် စေတီတော်ဝင်းအတွင်းရှိ သီတဂူစက္ကုဒါနဆေးရုံ၌ ထားရှိဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး Quarantine ဝင်ရောက်နေသူများအား အားပေးစကားပြောကြားကာ နေထိုင်စားသောက်မှုအခြေ အနေများနှင့် ပတ်သက်၍ လိုအပ်သည်များ အမြန်ဆုံးဖြည့်ဆည်းပေးနိုင်ရေးတာဝန်ရှိသူများအား မှာကြားခဲ့ပြီး တာဝန်ကျဝန်ထမ်းနှင့် ကူညီနေသူများအား ထောက်ပံ့ငွေများပေးအပ်ခဲ့ကြသည်။

          ယင်းနောက် မြစ်ကြီးနား ပညာရေးကောလိပ် (၄)ထပ်စာသင်ဆောင်၌ ကိုဗစ်-၁၉ အတည် ပြုလူနာဦးရေ (၁၅၀)ဦးအတွက် သီးသန့်ထားနိုင်ရေးအတွက် နေရာထိုင်ခင်းများ ပြင်ဆင်ဆောင် ရွက်ထားရှိမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည့် အသုံးအဆောင်ပစ္စည်းများ ဖြည့် ဆည်းပေးနိုင်ရေး တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကာ ကူညီဆောင်ရွက်နေကြသူများ အတွက် ထောက်ပံ့ငွေများပေးအပ်ခဲ့ကြသည်။

          ထို့နောက် ကိုဗစ်-၁၉ အတည်ပြုလူနာများအား သီးသန့်ထားရှိရေး အဆောင်အဖြစ်ထားရှိ သည့် သူနာပြုသင်တန်းကျောင်းနှင့် သားဖွားသင်တန်းကျောင်းတို့တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ များ သီးသန့်ထားစောင့်ကြည့်နေမှုအခြေအနေများ၊ နေထိုင်စားသောက်မှုအခြေအနေများနှင့်ပါဝင် ကူညီဆောင်ရွက်ကြသည့် လူမှုရေးအသင်းအဖွဲ့များ၏ လိုအပ်ချက်များကို မေးမြန်း၍ အားပေး စကားပြောကြားခဲ့ကြပြီး Centre များတွင် ပါဝင်ကူညီဆောင်ရွက်နေကြသည့် ဝန်ထမ်းများနှင့် လူမှုကူညီရေးအသင်းအဖွဲ့များအတွက် ထောက်ပံ့ငွေများကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

          မြစ်ကြီးနားမြို့နယ် ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ ၄၉၇ ဦးရှိပြီး သေဆုံးသူ ၂၀ ဦး၊ ဆေးရုံဆင်းခွင့်ရရှိသူ ၁၂၁ ဦးရှိကြောင်းနှင့် ရောဂါပိုးအတည်ပြုလူနာများအား ပြည်သူ့ဆေးရုံကြီးရှိ (၄) ထပ်လူနာဆောင်၊ နား၊ နှာခေါင်း၊ လည်ချောင်းကုသဆောင်များနှင့် မူးယစ်ဆေးရုံတို့ အပါအဝင် သူနာပြုနှင့်သားဖွားသင်တန်းကျောင်းတို့တွင်ထားရှိ၍ စောင့်ကြည့်ကုသပေးလျက်ရှိကြောင်း သိရှိ ရသည်။