ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့၌ လမ်းလျှောက်သင်္ကြန်ပွဲတော် ဖွင့်လှစ်၍ ဒေသခံပြည်သူများနှင့်အတူ အတာရေသဘင်ပွဲ အေးချမ်းပျော်ရွှင်စွာဆင်နွှဲ

 ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့၌ လမ်းလျှောက်သင်္ကြန်ပွဲတော် ဖွင့်လှစ်၍ ဒေသခံပြည်သူများနှင့်အတူ အတာရေသဘင်ပွဲ အေးချမ်းပျော်ရွှင်စွာဆင်နွှဲ

မြစ်ကြီးနား     ဧပြီ ၁၃

          ကချင်ပြည်နယ်၏ မြို့တော် မြစ်ကြီးနားမြို့၌ မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ် မြန်မာ့ရိုးရာ ယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် အကြိုနေ့ ခရစ်သက္ကရာဇ် ၂၀၂၂ ခုနှစ်၊ ဧပြီ ၁၃ ရက် နံနက် ၉ နာရီက ပြည်သူ့ရင်ပြင်နှင့် ဧရာဦးပန်းခြံတို့၌ ကျင်းပပြုလုပ်သည့် လမ်းလျှောက်သင်္ကြန်ပွဲတော်ကို စတင် ဖွင့်လှစ်ပေးရာ အတာရေသဘင်ပွဲတော်အား  ဒေသခံပြည်သူများ အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ ကြသည်။

          အဆိုပါ လမ်းလျှောက်သင်္ကြန်ပွဲတော်ကို ပြည်နယ်အစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေ၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးဉာဏ်မြင့်ကျော်၊ ပြည်နယ်သယံဇာတ ရေးရာဝန်ကြီး ဦးတိန့်ဆောင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့်ဇနီး၊ ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများက လမ်းလျှောက် သင်္ကြန်ပွဲတော်အတွင်း ပါဝင်ဆင်နွှဲလျက်ရှိ သည့် ယိမ်းအဖွဲ့များနှင့် ပြည်သူများအား သပြေခက်ဖြင့် အတာရေကို လိုက်လံဖျန်းပက်ခဲ့ကြကာ ပွဲတော်အတွင်း စတုဒီသာမဏ္ဍပ်များဖြင့် တည်ခင်းဧည့်ခံကျွေးမွေးနေမှုကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြသည်။

          ထို့နောက် ပွဲတော်အတွင်း ဖျော်ဖြေရေးအစီအစဉ် တစ်ရပ်အနေဖြင့် ယိမ်းအကအလှများ၊ ခေတ်ပေါ်တေးဂီတသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးခဲ့ကြပြီး ယိမ်းအဖွဲ့များနှင့် ဖျော်ဖြေရေးအဖွဲ့များအား ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီးတို့က ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြ သည်။

          မြစ်ကြီးနားမြို့၌ ကျင်းပသည့် လမ်းလျှောက်သင်္ကြန်ပွဲတော်အတွင်း ဒေသခံပြည်သူအများ အပြား အေးချမ်းပျော်ရွှင်စွာရေကစားလျက်ရှိရာ ခေတ်ပေါ်တေးသီချင်းများ၊ ခေတ်ပေါ်အကအလှ များဖြင့်လည်း ဖျော်ဖြေတင်ဆက်လျက်ရှိကြောင်း သိရှိရသည်။