ကချင်ပြည်နယ်ဝန်ကြီးချုပ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်အား တက်ရောက်ဖွင့်လှစ်ပေး

 ကချင်ပြည်နယ်ဝန်ကြီးချုပ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်အား တက်ရောက်ဖွင့်လှစ်ပေး

မြစ်ကြီးနား     ဧပြီ ၁၃

          မြန်မာ့တို့၏ ရိုးရာအစဉ်အလာမပျက် ကျင်းပမြဲဖြစ်သည့် မဟာသင်္ကြန်ပွဲတော်ကို နိုင်ငံတဝန်း ကျင်းပလျက်ရှိရာ မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ် ကချင်ပြည်နယ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားကို ဧပြီ ၁၃ ရက် (သင်္ကြန်အကြိုနေ့) ညနေ ၃ နာရီတွင် မြစ်ကြီးနားမြို့ ရုံးကြီးလမ်းနှင့် အား/ကာတိုက်တန်းလမ်းထောင့် မြို့တော်ခန်းမရှေ့ရှိ ဗဟိုမဏ္ဍပ်၌ စည်းကားသိုက် မြိုက်စွာ ကျင်းပပြုလုပ်သည်။

          ဖွင့်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်က မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် ကို ဖွင့်လှစ်လိုက်ကြောင်း ကြေညာပြီး၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်ကြည်လင်း၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေ၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်နှင့် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး ကြသည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မြတ်သက်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီး များနှင့် ဇနီးများက ဖွင့်ပွဲအဖြစ် “မန်းတောင်ရိပ်ခို” တေးသီချင်းဖြင့် ယိမ်းအဖွဲ့များ၏ စုပေါင်းကပြ ဖျော်ဖြေမှုကို အမွှေးနံ့သာရည်များဖြင့် လိုက်လံပက်ဖျန်းပေးကြပြီး ဗဟိုမဏ္ဍပ်၌ ယိမ်းအဖွဲ့များ၏ အကအလှများဖြင့် ဖျော်ဖြေတင်ဆက်မှု၊ နာမည်ကျော် တေးသံရှင်များနှင့် ဒေသခံတိုင်းရင်းသား အဆိုရှင်များ၏ ခေတ်ပေါ်တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေမှုကို ကြည့်ရှုအားပေးခဲ့ကြသည်။

          အလားတူ ညပိုင်းတွင် မြစ်ကြီးနားမြို့ရှိ ဗဟိုမဏ္ဍပ်၌ ယိမ်းအဖွဲ့များ၏ ကပြဖျော်ဖြေမှုများနှင့် ခေတ်ပေါ် တေးသီချင်းများ သီဆိုဖျော်ဖြေမှုများကို ကြည့်ရှုအားပေးလျက်ရှိသည့် ပရိတ်သတ်များဖြင့် မြန်မာ့ရိုးရာသင်္ကြန်အား စည်ကားစွာ ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရှိရသည်။