ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားတက္ကသိုလ်နည်းပြ၊သရုပ်ပြဆရာ၊ဆရာမမောင်မယ်သစ်လွင် ကြိုဆိုပွဲ၊ ကမ္ဘာ့ကြက်ခြေနီနေ့ ကြိုဆိုဂုဏ်ပြုစုပေါင်းသွေးလှူဒါန်းပွဲနှင့် ဖိတ်ခေါ်ဘောလီဘောပြိုင်ပွဲ အခမ်းအနားများသို့ တက်ရောက်

 ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားတက္ကသိုလ်နည်းပြ၊သရုပ်ပြဆရာ၊ဆရာမမောင်မယ်သစ်လွင် ကြိုဆိုပွဲ၊ ကမ္ဘာ့ကြက်ခြေနီနေ့ ကြိုဆိုဂုဏ်ပြုစုပေါင်းသွေးလှူဒါန်းပွဲနှင့် ဖိတ်ခေါ်ဘောလီဘောပြိုင်ပွဲ အခမ်းအနားများသို့ တက်ရောက်

မြစ်ကြီးနား     မေ ၆

          ကချင်ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်သည် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဧပြီ ၆ ရက် နံနက် ၈ နာရီက မြစ်ကြီးနားတက္ကသိုလ်ခန်းမဆောင်၌ အသစ်ခန့်အပ်ထားသည့် နည်းပြ၊ သရုပ်ပြ ဆရာ၊ဆရာမမောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားသို့ တက်ရောက်အားပေးခဲ့ကြသည်။

          အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က အသစ်ခန့်အပ်ထားသည့် နည်းပြ၊ သရုပ်ပြ ဆရာ၊ ဆရာမောင်မယ်သစ်လွင် (၄၅)ဦးတို့အား နိုင်ငံဖွံ့ဖြိုးရေးအတွက် လူ့စွမ်းအားအရင်းအမြစ်များမွေး ထုတ်ပေးနေသည့် တက္ကသိုလ်များသည် အဓိကကျသကဲ့သို့ တက္ကသိုလ်များဘက်ပေါင်းစုံမှ ဖွံ့ဖြိုး တိုးတက်ရေးသည် အဓိကကျသကဲ့သို့ ယနေ့ခေတ် လူငယ်လူရွယ်များနှင့်  မိမိတို့ တိုင်းပြည်၏ အနာဂတ်ကောင်းမွန်စေရေး ထုဆစ်ပုံဖော်ပေးကြမည့် ဆရာ၊ ဆရာမလောင်းများအား လှိုက်လှဲစွာ ကြိုဆိုပါကြောင်း၊ ထို့ကြောင့် နည်းပညာခေတ်နှင့် လျော်ညီစွာ ဘက်စုံပညာရည်ပြည့်ဝသည့်၊ တန်ဖိုး ရှိသည့် ဆရာ၊ ဆရာမများ ဖြစ်လာကြစေရန် ခိုင်မာသော ယုံကြည်ချက်ထား၍ ကြိုးစားကြစေလို ကြောင်း တိုက်တွန်းမှာကြားသည်။

ထို့နောက် မြစ်ကြီးနားတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာအောင်ဝင်းက ဆရာ၊ ဆရာမ မောင် မယ်သစ်လွင်များအား ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူ များ၊ ဒုတိယပါမောက္ခချုပ်၊ ဘာသာရပ်ဆိုင်ရာ ပါမောက္ခများ၊ စီမံရေးရာနှင့် သင်တန်းအရာရှိများက အသီးသီး ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကြိုဆိုခဲ့ကြသည်။

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြစ်ကြီးနားမြို့၊ ပြည်သူ့ဆေးရုံကြီး သွေးလှူ ဘဏ်၌ မေလ ၈ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ကြက်ခြေနီနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီတို့ ပူးပေါင်း၍ ပြည်နယ် အတွင်းရှိ NGO အဖွဲ့အစည်းများ၊ မြင့်မြတ်သူသွေးလှူရှင်အသင်း၊ မွတ်စလင်လူငယ်အသင်း၊ ပေးဆပ် သူလူမှုပရဟိတအသင်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၏ စုပေါင်းသွေးလှူဒါန်းပွဲသို့ တက်ရောက်ခဲ့ကြပြီး ကျန်းမာရေးဝန်ထမ်းများနှင့် သွေးလှူရှင် စေတနာ့ဝန်ထမ်းများအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးခဲ့ ကြကာ အဟာရဖြစ်စားသောက်ဖွယ်ရာများနှင့် ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ သွေးလှူရှင်များအတွက် ထောက်ပံ့ငွေများကို ပေးအပ်ခဲ့ကြသည်။

ဆက်လက်၍ ပြည်သူ့ဆေးရုံကြီးအတွင်း ဆေးဝါးကုသမှုခံယူနေသော လူနာများအား လှည့် လည်ကြည့်ရှုအားပေးကာ လူနာများအတွက် ထောက်ပံ့ငွေများကို ထောက်ပံ့ပေးအပ်ခဲ့ကြပြီး အရိုး ကုသဆောင်၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ပြန်လည်စေလွတ်မည့် ပြည်တော်ပြန်များအား အသွား အလာကန့်သတ်၍ Quarantine ထားရှိနိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှုကို ကြည့်ရှုစစ်ဆေး ခဲ့ကြသည်။

ယင်းနောက် ပြည်နယ်မိုးလုံလေလုံအားကစားခန်းမ၌ ပြည်နယ်ဝန်ကြီးချုပ်ဖလား ကလပ် ပေါင်းစုံ(အမျိုးသား/အမျိုးသမီး)ဖိတ်ခေါ်ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က ယနေ့ ကျင်းပသည့် ဖိတ်ခေါ်ဘောလီဘောပြိုင်ပွဲမှတစ်ဆင့် တိုင်းဒေသကြီး/ ပြည်နယ်ဘော်လီဘောပြိုင်ပွဲအတွက် ပြည်နယ်လက်ရွေးစင် ကစားသမားကို ရွေးချယ်၊ မွေးထုတ်၊ လေ့ကျင့်ပေးနိုင်ရေး အဓိကထား ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း၊ ထို့ပြင် ကစားသမားများကိုလည်း ပြည်နယ်အဆင့်နှင့် လျော်ညီသည့် ထောက်ပံ့မှုနှင့် ဖြည့်ဆည်းမှုများကိုဆောင်ရွက်ပေးသွားမည်ဖြစ် သည့်အပြင် ပြည်နယ်ဂုဏ်ဆောင် အောင်မြင်မှုများရရှိပါက ထိုက်တန်သည့် ဂုဏ်ပြုချီးမြှင့်မှုများကို လည်းထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်းမှာကြားပြီး ကလပ်ပေါင်းစုံဖိတ်ခေါ် ဘော်လီဘောပြိုင်ပွဲကို ဖွင့်လှစ်ပေးသည်။

ထို့နောက် ပြိုင်ပွဲတွင် ဘောလီဘောအားကစားသမားများက အားကစားသစ္စာအဓိဌာန်ရွတ်ဆို ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဝင်ရောက်ယှဉ်ပြိုင်ကြမည့် မြစ်ကြီးနား၊ ဝိုင်းမော်၊ မိုးကောင်း၊ မိုးညှင်းတို့မှ ပြိုင်ပွဲဝင် အမျိုးသားအသင်း(၉)သင်း၊ အမျိုးသမီးအသင်း (၅)သင်းတို့မှ အားကစားသမားများအား ရင်းရင်းနှီးနှီးလိုက်လံတွေ့ဆုံ အားပေးခဲ့ကြကာ ပြိုင်ပွဲဝင်အသင်းများ အတွက် ထောက်ပံ့ငွေကျပ်  ၁၂ သိန်းနှင့် ဒိုင်လူကြီးများအတွက် ထောက်ပံ့ငွေကျပ် ၂ သိန်းကို ထောက် ပံ့ပေ့းအပ်ခဲ့ကြသည်။

အဆိုပါ ပြည်နယ်ဝန်ကြီးချုပ်ဖလား ဖိတ်ခေါ်ဘော်လီဘောပြိုင်ပွဲကို (၃)ရက်ကြာကျင်းပပြု လုပ်သွားမည်ဖြစ်ပြီး ပြိုင်ပွဲဝင်အသင်းအားလုံးမှ ကစားသမားကို ပြည်နယ်လက်ရွေးစင်အသင်းအဖြစ် အမျိုးသား/ အမျိုးသမီး တစ်သင်းစီ ရွေးချယ်ကာ စခန်းသွင်းလေ့ကျင့်ပေးသွားမည်ဖြစ်ပြီး  ဇွန်လ အတွင်း ရှမ်းပြည်နယ်တောင်ကြီးမြို့တွင် ကျင်းပပြုလုပ်မည့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဘော်လီ ဘောပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်စေမည်ဖြစ်ကြောင်း သိရှိရသည်။