ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အတွင်းရှိ ခေတ်မီစံပြကျေးရွာများမှ သမဝါယမအသင်းသား တောင်သူများအတွက် လယ်ယာသုံးထွန်စက်များနှင့် သမဝါယမကန်ထရိုက်လယ်ယာလုပ်ငန်း ဆောင်ရွက်နိုင်ရေး စုစုပေါင်းငွေကျပ်သိန်း ၁၂၆၀ ကျော် ပံ့ပိုးပေးအပ်

 ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အတွင်းရှိ ခေတ်မီစံပြကျေးရွာများမှ သမဝါယမအသင်းသား တောင်သူများအတွက် လယ်ယာသုံးထွန်စက်များနှင့် သမဝါယမကန်ထရိုက်လယ်ယာလုပ်ငန်း ဆောင်ရွက်နိုင်ရေး စုစုပေါင်းငွေကျပ်သိန်း ၁၂၆၀ ကျော် ပံ့ပိုးပေးအပ်

မြစ်ကြီးနား     ဇွန် ၁၅

          ၂၀၂၂ခုနှစ်၊ နှစ်(၁၀၀)ပြည့် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကချင်ပြည်နယ်အတွင်းရှိ ခေတ်မီစံပြကျေးရွာ (၃)ရွာမှ သမဝါယမအသင်းသား တောင်သူများ အတွက် လယ်ယာသုံးထွန်းစက်များ အပါအဝင် သမဝါယမကန်ထရိုက်လယ်ယာလုပ်ငန်းဆောင်ရွက် နိုင်ရေးတို့အတွက် စုစုပေါင်းငွေကျပ် သိန်း ၁၂၆၀ ကျော်ကို ဇွန် ၁၅ ရက် နံနက် ၁၀ နာရီက ပြည်နယ် သမဝါယမဦးစီးဌာနရုံး၊ ဆွတ်ဂျာအိန်ခန်းမ၌ ကျင်းပပြုလုပ်သည့် အခမ်းအနားတွင် တောင်သူများ ထံသို့ ပံ့ပိုးပေးအပ်ခဲ့ကြောင်း သိရှိရသည်။

          အဆိုပါ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ကိုဗစ်-၁၉ ကာလအလွန် စီးပွားရေး ပုံမှန်အနေအထားပြန်လည်ရောက်ရှိနိုင်ရေးနှင့် ယင်းမှတစ်ဆင့် ခေတ်နှင့်အညီ လူမှုစီးပွား နယ်ပယ်အစဉ်ဖွံ့ဖြိုးတိုးတက်လာစေရန် နိုင်ငံတော်အစိုးရ၊ အဖွဲ့အစည်းများနှင့် လူတစ်ဦးချင်စီက ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ယနေ့ (၇၀)ရာခိုင်နှုန်းသော ကျေးလက်ဒေသများရှိ စိုက်ပျိုး မွေးမြူရေးလုပ်ကိုင်ဆောင်ရွက်သူများကို အလုပ်အကိုင်အခွင့်အလမ်း ရရှိရေးနှင့်  ဝင်ငွေတိုးတက် ရေးအတွက် ယခုကဲ့သို့ ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိသည့်အပြင် ထုတ်ကုန်များ ဈေးကွက်ရရှိရေးကို လည်း ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ သမဝါယမအသင်းသားတောင်သူများ အနေဖြင့် ချေးငွေများကို အသင်းအဖွဲ့စိတ်ဓာတ်ကို အခြေခံ၍ မိမိတို့ကျေးရွာနှင့် အသင်းအတွက် အကျိုးရှိရှိ ထိရောက်စွာ စုပေါင်းစိုက်ပျိုးထုတ်လုပ်ရောင်းချခြင်းအားဖြင့် ပိုမိုအကျိုးဖြစ်ထွန်းစေရေး ဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားသည်။

          ဆက်လက်၍ ပြည်နယ်သမဝါယမဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးဒေါ်ချောစုလှိုင်က ခေတ်မီစံပြ ကျေးရွာ( SMART Village) ထည်ဆောင်ပေးရခြင်း၏ ရည်ရွယ်ချက်များနှင့် အသင်းသားတောင်သူ များထံ စက်ကိရိယာများ၊ ချေးငွေများ ပံ့ပိုးပေးအပ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

          ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက မြစ်ကြီးနားမြို့နယ်၊မော်ဖောင်း နယ်မြေ(၈)စံပြကျေးရွာ၊ မိုးကောင်းမြို့နယ်၊ နန့်လှိုင်ကျေးရွာရှိ ရတနာလှိုင်နှင့် ဗန်းမော်မြို့နယ်၊ မံရေးစံပြကျေးရွာရှိ မြတာပိန် လယ်ယာစိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမ အသင်းများမှ တာဝန်ရှိသူများထံ လယ်ယာဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး လယ်ယာသုံး ထွန်စက် (၆)စီးအတွက် တန်ဖိုးငွေကျပ် (၈၉၀၅၄၀၀၀)နှင့် သမဝါယမကန်ထရိုက်လယ်ယာလုပ်ငန်း ဆောင်ရွက်ရေး အသင်း (၃)သင်းမှ တောင်သူများ၏ လယ်ယာမြေဧကပေါင်း (၁၂၄.၅)ဧကအတွက် တစ်ဧကလျှင်ငွေကျပ် ၃၀၀၀၀၀ နှုန်းဖြင့် ပံ့ပိုးချေးငွေကျပ် (၃၇၃၅၀၀၀၀)တို့ဖြင့် စုစုပေါင်း လယ်ယာ သုံးစက်ကိရိယာနှင့် ပံ့ပိုးချေးငွေကျပ်(၁၂၆၄၀၄၀၀၀)တို့ အသီးသီးပေးအပ်ခဲ့ကြရာ သမဝါယမအသင်း သားတောင်သူများကိုယ်စားအသင်းသား တစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ပြည်နယ်သမဝါယဦးစီးဌာနနှင့် သမဝါယမအသင်းသားများ၏ လှုပ်ရှားဆောင်ရွက်ခဲ့မှု မှတ်တမ်းဓာတ်ပုံများ၊ အသင်းသားများ၏ ထုတ်ကုန်ပစ္စည်းများနှင့် လယ်ယာသုံးထွန်စက်များကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရှိရသည်။