ကချင်ပြည်နယ်ဝန်ကြီးချုပ် သူနာပြု-သားဖွား ဒီပလိုမာ ပထမနှစ် သင်တန်းသား/သင်တန်းသူ များအား ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းခြင်းအခမ်းအနားသို့တက်ရောက်ချီးမြှင့်

 ကချင်ပြည်နယ်ဝန်ကြီးချုပ် သူနာပြု-သားဖွား ဒီပလိုမာ ပထမနှစ် သင်တန်းသား/သင်တန်းသူ များအား ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းခြင်းအခမ်းအနားသို့တက်ရောက်ချီးမြှင့်

မြစ်ကြီးနား     ဇွန် ၂၈

ကျန်းမာ‌ရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ကချင်ပြည်နယ် မြစ်ကြီးနားသူနာပြုသင်တန်းကျောင်းနှင့် သားဖွားသင်တန်းကျောင်းတို့မှ အရည်ချင်းစစ် စာမေးပွဲ အောင်မြင်ခဲ့ကြသော သူနာပြု-သားဖွားဒီပလိုမာ ပထမနှစ် သင်တန်းသား/သင်တန်းသူများအား ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းခြင်းအခမ်းအနားကို ဇွန် ၂၈ ရက် နံနက် ၉နာရီက သူနာပြု သင်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ရာ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်  အမှာစကား ပြောကြားသည်။

ရှေးဦးစွာပြည်နယ်ဝန်ကြီးချုပ်က “သူနာပြုနှင့်သားဖွား အတတ်ပညာအား သင်ယူနေကြ‌သော သင်တန်းသား/သင်တန်းသူများအနေဖြင့် အရည်အချင်းပြည့်ဝတဲ့ သူနာပြုများဖြစ်လာရန်အတွက် ပထမခြေလှမ်းအနေနဲ့ သင်တန်းတက်ရောက်နေစဥ်ကတည်းကပင်  သူနာပြုအတတ်ပညာများအား ကျွမ်းကျင် တတ်မြောက်အောင်ဆည်းပူးခြင်း၊ သူနာပြုကျင့်ဝတ်များကို စောင့်ထိန်းခြင်းနှင့် သင်တန်း ကာလတွင် ချမှတ်တဲ့စည်းကမ်းများကို တသွေမသိမ်းလိုက်နာကြပြီး သင်တန်းကာလပြီးဆုံးသည် အထိ ကြိုးစားကြစေလိုကြောင်း၊ ဒါ့အပြင် သူနာပြုဆရာ၊ဆရာမများ ဖြစ်လာသည့်အခါမှာလည်း သူနာပြုတစ်ဦးရဲ့ ကျင့်ဝတ်နဲ့အညီ ပြုမူပြောဆိုကျင့်ကြံနေထိုင်ပြီး မိမိတို့သစ္စာပြုခဲ့တဲ့ သူနာပြုသစ္စာ အဓိဌာန်ပါအတိုင်း သင်ယူတတ်မြောက်ခဲ့တဲ့ သူနာပြုစုမှုအတတ်ပညာဖြင့် ပြည်သူများရဲ့ ကျန်းမာ‌ ရေးကို အရည်အသွေးပြည့်ဝစွာ စောင့်‌ရှောက်မှုပေးနိုင်ရေး ကြိုးစားအားထုတ်ကြရန်” တိုက်တွန်း ပြောကြားသည်။

ယင်းနောက် မြစ်ကြီးနားသူနာပြုသင်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ‌ဒေါ်မခေါင်ထ ဇမီဆားမှ ဂျူတီကုတ်နှင့်ဦး‌ဆောင်း အပ်နှင်းရခြင်းအကြောင်းနှင့် သင်တန်းကျောင်း၏လုပ်ငန်း ဆောင်ရွက်မှု အခြေအနေများအား ရှင်းလင်းတင်ပြကာ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း စီမံ အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများက သူနာပြု-သားဖွားဒီပလိုမာ ပထမနှစ် သင်တန်းသား(၃)ဦးနှင့် သင်တန်းသူ (၇၉)ဦးတို့အား ဂျူတီကုတ်နှင့်ဦးဆောင်းများကို အပ်နှင်းကြသည်။ ဆက်လက်၍ ဂျူတီကုတ်နှင့်ဦးဆောင်း အပ်နှင်းခြင်းခံရသော သင်တန်းသား/သင်တန်းသူများမှ သူနာပြုသစ္စာ အဓိဌာန်နှင့် ကရုဏာအလင်းသီချင်းအား ဂုဏ်ယူစွာဖြင့် ရွတ်ဖတ်သီဆိုသည်။

 ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က သူနာပြုသင်တန်းကျောင်းအတွက် ထောက်ပံ့ငွေကျပ် (၁၀)သိန်းအား ပေးအပ်ပြီး သူနာပြု-သားဖွားဒီပလိုမာ ပထမနှစ် အရည်အချင်းစစ်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော သင်တန်းသား/သင်တန်းသူများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုတံဆိပ်များ ပေးအပ်ချီးမြှင့်ခဲ့ပြီး ပထမနှစ် သင်တန်းသား/သင်တန်းသူများကိုယ်စား သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သင်တန်းသား/သင်တန်းသူများနှင့်အတူ အမှတ်တရ စုပေါင်းမှတ်တမ်းဓာတ်ပုံ ရိုက်ကူးခဲ့ကြောင်း သိရသည်။