မြစ်ကြီးနားမြို့ ရှမ်းစုမြောက်ရပ်ကွက်၊ ဧရာဝတီမြစ်ကမ်းဘေးတွင် ငြိမ်းချမ်းရေးဓာတ်တော်တိုက် စေတီတည်ထားကိုးကွယ်နိုင်ရေး ပန္နက်တော်တင်၊ တွင်းတော်ဝန်း ရတနာအုတ်မြစ်တော်စီနှင့် ပထမအကြိမ် အလှူတော်ငွေပေးအပ်ပွဲ မင်္ဂလာအခမ်းအနားကျင်းပ

 မြစ်ကြီးနားမြို့ ရှမ်းစုမြောက်ရပ်ကွက်၊ ဧရာဝတီမြစ်ကမ်းဘေးတွင် ငြိမ်းချမ်းရေးဓာတ်တော်တိုက် စေတီတည်ထားကိုးကွယ်နိုင်ရေး ပန္နက်တော်တင်၊ တွင်းတော်ဝန်း ရတနာအုတ်မြစ်တော်စီနှင့် ပထမအကြိမ် အလှူတော်ငွေပေးအပ်ပွဲ မင်္ဂလာအခမ်းအနားကျင်းပ

မြစ်ကြီးနား     ဇွန် ၂၉

          ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ရှမ်းစုမြောက်ရပ်ကွက် ဝန်းသိုဘုန်းတော်ကြီးကျောင်းလမ်း ဧရာဝတီမြစ်ကမ်းဘေးတွင် ငြိမ်းချမ်းရေးဓာတ်တော်တိုက်စေတီတော် တည်ထားကိုးကွယ်နိုင်ရေး အတွက် ပန္နက်တော်တင်၊ တွင်းတော်ဝန်း ရတနာအုတ်မြစ်တော်စီနှင့် ပထမအကြိမ်အလှူတော်ငွေ ပေးအပ်ပွဲ မင်္ဂလာအခမ်းအနားကို ဇွန် ၂၉ ရက် နံနက် ၈ နာရီက အဆိုပါစေတီတော် တည်ထား ကိုးကွယ်မည့် ဝတ္တကမြေနေရာ၌ ကျင်းပပြုလုပ်သည်။

          ရှေးဦးစွာ  ဓမ္မရက္ခိတဝန်းသိုကျောင်းတိုက်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကေတုမာလာ ထံမှတက်ရောက်လာကြသည့် ဧည့်ပရိတ်သတ်များက ကိုးပါးသီလခံယူဆောက်တည်ကြပြီး ဆရာ တော်၊ သံဃာတော်အရှင်သူမြတ်များက ပရိတ်တရားတော်များ ချီးမြှင့်ကြသည်။

ထို့နောက် မင်္ဂလာအချိန်တွင် ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များနှင့်  ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မြတ်သက်ဦး၊ ပြည်နယ်  တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ တပ်မတော်အရာရှိကြီးများ၊ စေတနာရှင် အလှူရှင်များက သတ်မှတ်နေရာ အသီးသီး၌ ပန္နက်တော်တင်ခြင်း၊ ရတနာအုတ်မြစ်တော်စီခြင်း၊ ရတနာပစ္စည်းများဌာပနာထည့်သွင်းပူဇော်ကာ ပရိတ်အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးကြသည်။

          ဆက်လက်၍ ငြိမ်းချမ်းရေးဓာတ်တော်တိုက်စေတီတော် တည်ထားကိုးကွယ်နိုင်ရေး ပထမ အကြိမ် အလှူတော်ငွေပေးအပ်လှူဒါန်းပွဲပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချူပ်က ကချင်ပြည်နယ်အစိုးရ အဖွဲ့မှ အလှူတော်ငွေကျပ်သိန်း ၁၀၀ နှင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးက အလှူတော် ငွေကျပ်သိန်း ၅၀ အပါအဝင် အလှူရှင်များ၏ စုပေါင်းလှူဒါန်းငွေကျပ်သိန်း (၅)ထောင်ကျော်ကို အသီးသီးလှူဒါန်းပေးအပ်ကြရာ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ ကြကာ ဂုဏ်ပြုမှတ်တမ်းလွှာများကို ပြန်လည်ပေးအပ်ခဲ့ကြသည်။

ယင်းနောက် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ပြီး အခမ်းအနားကို ဗုဒ္ဓ သာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆို၍ ရုတ်သိမ်းခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ တာဝန်ရှိသူ များက ဇီဝတဒါနအဖြစ် ငါးသားပေါက်များကို ဧရာဝတီမြစ်အတွင်းသို့ လွှတ်ပေးခဲ့ကြပြီး ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။

          အဆိုပါ ငြိမ်းချမ်းရေးဓာတ်တော်တိုက်စေတီကို ဧရာဝတီမြစ်ကမ်းဘေးရှိ ဝန်းသိုကျောင်းဝင်း မြေတွင် အုတ်မြစ်တိုင် ၇၀ ၊ မြေအောက် ပေ (၅၀) ၊ ဉာဏ်တော်အမြင့် မြေပေါ်ပေ ၁၂၀ ဖြင့် တိဖက်တဟွန်းဒေသမှ ယခင်ဝန်းသိုကျောင်းပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဘိဓဇ မဟာဋ္ဌဂုရု ဘဒ္ဒန္တသီလဝံသဆရာတော်ထံ လှူဒါန်းခဲ့သည့် ဘုရားရှင်၏ အံတော်နှစ်ဆူနှင့် ဓာတ်တော် မြတ်များကို တည်ထားပူဇော်ကိုးကွယ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။