ကချင်ပြည်နယ်ဝန်ကြီးချုပ် အသက် (၅)နှစ်မှ (၁၂)နှစ်အောက် ကျောင်းသားကလေးငယ်များအား ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးနေမှုကို ကြည့်ရှုအားပေး

 ကချင်ပြည်နယ်ဝန်ကြီးချုပ် အသက် (၅)နှစ်မှ (၁၂)နှစ်အောက် ကျောင်းသားကလေးငယ်များအား ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးနေမှုကို ကြည့်ရှုအားပေး

မြစ်ကြီးနား     ဇူလိုင် ၇

          ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ဦးတည် အုပ်စု အလိုက် ကိုဗစ်ကာကွယ်ဆေးများ လွှမ်းခြုံထိုးနှံပေးလျက်ရှိရာ ဇူလိုင် ၇ ရက် နံနက် ၉ နာရီခွဲက မြစ်ကြီးနားမြို့ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်း၌ အသက်(၅)နှစ်မှ အသက်(၁၂)နှစ် အောက် ကျောင်းသားကလေးငယ်များအား ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးနေမှုကို ပြည်နယ်    ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

          အဆိုပါ ကိုဗစ်ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းဆောင်ရွက်နေမှုများကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် မြတ်သက်ဦးနှင့် တပ်မတော်အရာရှိ ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်တို့က ကျောင်းသားမိဘများအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးစကားပြောကြားကာ ကျောင်းခန်းမ၌ ကလေးငယ်များအား ကျန်းမာရေး ဝန်ထမ်းများနှင့် တပ်မတော်ဆေးအဖွဲ့များ၊ သူနာပြုများက ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးနေမှုကို ကြည့်ရှုအားပေးခဲ့ကြပြီး ကာကွယ်ဆေးထိုးလုပ်ငန်းတွင် ပါဝင်ကူညီဆောင်ရွက်နေသူများအတွက် ထောက်ပံ့ငွေများကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ Power View ကုမ္ပဏီမှ နေရောင်ခြည်စွမ်းအင်သုံး ဆိုလာစနစ်ဖြင့် ဓာတ်အားပေးလုပ်ငန်းများ ဆောင်ရွက်သွားမည့် အစီအစဉ်များနှင့် ပတ်သက်၍ ကုမ္ပဏီတာဝန်ရှိသူများ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပြည်နယ် အတွင်း မဟာဓာတ်အားလိုင်းမရရှိသည့် နေရာများတွင် နေ‌ရောင်ခြည်စွမ်းအင်ဖြင့် လျှပ်စစ်ဓာတ်အား ပေးစက်ရုံတည်ဆောက်၍ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနိုင်ရေး၊  ကြိုတင်စီမံဆောင်ရွက်သွားရမည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ညှိနှိုင်းဆွေနွေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဥပဒေ၊ နည်းဥပဒေ လုပ်ထုံးလုပ်နည်းနှင့်အညီ ကူညီဆောင်ရွက်ပေးနိုင်ရေး၊ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင် ရွက်ပေးခဲ့သည်။

အလားတူ မွန်းလွဲပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး ဧည့်ခန်းမ၌ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC) ကချင်ပြည်နယ်တာဝန်ခံနှင့် အဖွဲ့တို့အား တွေ့ဆုံပြီး  ဖားကန့်မြို့နယ်၊ ရှဒူးဇွတ်ကျေးရွာအတွင်းရှိ နေရပ်စွန့်ခွာတိမ်းရှောင်စခန်းနေ အိမ်ထောင်စု (၂၄)အိမ်‌ထောင်စုတို့အား ပြန်လည်နေရာချထားပေးနိုင်ရေး၊ နေအိမ်များတည်ဆောက်ပေးနိုင်ရေး၊ ပြန်လည်ထူထောင်ရေး  လုပ်ငန်းများနှင့် စပ်လျဉ်း၍ ပံ့ပိုးကူညီဆောင်ရွက်ပေးရမည့်ကိစ္စရပ်များအပေါ် ရင်းနှီးပွင့်လင်းစွာ ညှိနှိုင်းဆွေးနွေးဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။