ကချင်ပြည်နယ်အစိုးရအဖွဲ့က နိုင်ငံဂုဏ်ဆောင်အားကစားသမားများနှင့် အောင်ပွဲရပြည်နယ် လက်ရွေးစင် အားကစားသမားများအား ဂုဏ်ပြုချီးမြှင့်

 ကချင်ပြည်နယ်အစိုးရအဖွဲ့က နိုင်ငံဂုဏ်ဆောင်အားကစားသမားများနှင့် အောင်ပွဲရပြည်နယ် လက်ရွေးစင် အားကစားသမားများအား ဂုဏ်ပြုချီးမြှင့်

မြစ်ကြီးနား     ဇူလိုင် ၉

          ၂၀၂၂ ခုနှစ် ၊ (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင် ခဲ့ကြသည့် ကချင်ပြည်နယ်မှ နိုင်ငံလက်ရွေးစင်အားကစားသမားများနှင့် ၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအားကစားပြိုင်ပွဲများ တံခွန်စိုက်ဒိုင်းဆုရ ပြည်နယ်လက်ရွေးစင်အမျိုးသမီးဘောလီ ဘောအသင်း၊ အောင်ပွဲရကစားသမားများအား ကချင်ပြည်နယ်အစိုးရအဖွဲ့က ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကို ဇူလိုင် ၈ ရက် ညနေ ၆ နာရီခွဲတွင် မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ ကျင်းပ ပြုလုပ်သည်။

          ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ယခုလို နိုင်ငံ့ဂုဏ် နှင့် ပြည်နယ်၏ ဂုဏ်ကို အားကစားဖြင့် မြှင့်တင်ပေးကြသည့် ကစားသမားများအားလုံး၏ စွမ်းဆောင် နိုင်မှုများကို မှတ်တမ်းတင်ဂုဏ်ယူပါကြောင်း၊ မိမိတို့ အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်၏ အားကစား အဆင့်အတန်း တိုးတက်မြင့်မားလာစေရေးအတွက် ဘက်ပေါင်းစုံမှ အမြဲတမ်း ကြိုးစားအားပေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ အထူးသဖြင့် မိမိတို့ အစိုးရလက်ထက် အားကစားကဏ္ဍတွင် ဂုဏ်ယူ စရာဖြစ်သည့် ပထမတံခွန်စိုက်ဒိုင်းဆုကြီး (၃)ခုကို ဆွတ်ခူးရရှိခဲ့သည့်အတွက် ပိုမိုဝမ်းမြောက် ဂုဏ်ယူမိပါကြောင်း၊ ယနေ့ မိမိအနေဖြင့် ရရှိပြီးဖြစ်သည့် အောင်မြင်မှုများကို တည်တံ့အောင် ထိန်း သိမ်းကြရန်နှင့် အောင်မြင်မှုမရရှိသေးသည့် ကစားနည်းများကိုလည်း အောင်မြင်မှုရရှိရန် အားလုံးက ဝိုင်းဝန်းကြိုးပမ်းကြရန်မည်ဖြစ်ကြောင်း ဂုဏ်ပြုပြောကြားသည်။

          ဆက်လက်၍ ၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဘောလီဘောပြိုင်ပွဲတွင် တံခွန်စိုက် ဒိုင်းဆုရ အမျိုးသမီးဘောလီဘောအသင်းမှ အားကစားသမားတစ်ဦးက တံခွန်စိုက်ဆုဖလားရရှိခဲ့ သည့် ပြိုင်ပွဲအတွေ့အကြုံနှင့်အတူ ကျေးဇူးတင်စကားပြောကြားသည်။

          ထို့နောက် အားကစားသမားများအား ဂုဏ်ပြုချီးမြှင့်ရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး ဒေါ်နန်ဆိုင်းတို့က (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အမျိုးသမီး(၂)ယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုရရှိအောင် စွမ်းဆောင်ခဲ့သော နည်းပြ ဦးအောင်ချိုမြင့်အား ဂုဏ်ပြုဆုငွေကျပ်(၁၅)သိန်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီး ဘောလီဘောတံခွန်စိုက်ဒိုင်းဆုရ အမျိုး သမီးဘောလီဘောအသင်းအတွက် ဂုဏ်ပြုချီးမြှင့်ငွေကျပ် (၃၆)သိန်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မြတ်သက်ဦးနှင့် ဇနီးတို့က အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ကြေးတံဆိပ်ဆုရှိအောင် စွမ်းဆောင်နိုင်ခဲ့ကြသည့် ပိုက်ကျော်ခြင်း၊ ကူရတ်၊ မြှားပစ်နှင့် ပီတန်းအားကစားနည်းများမှ အားကစားသမားများအား  ဂုဏ်ပြုချီးမြှင့်ငွေကျပ် (၃၂)သိန်း နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ၊ တံခွန်စိုက်ဒိုင်းဆုရ အမျိုးသမီးဘောလီဘောအသင်းအတွက် ဂုဏ်ပြု ချီးမြှင့်ငွေကျပ် (၁၆)သိန်းတို့ကို ချီးမြှင့်ပေးအပ်ခဲ့ကြသည်။

ဆက်လက်၍ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက  အရှေ့တောင်အာရှအားကစား ပြိုင်ပွဲတွင် အားကစားနည်းအသီးသီးဖြစ်သည့် ဂျူဒို အားကစားနည်း၊ ကူရတ်အားကစားနည်း၊ မြှားပစ်အားကစားနည်း၊ ဘောလုံးအားကစားနည်း၊ သေနတ်ပစ်အားကစားနည်းမှ ကစားသမားများအား လည်းကောင်း၊ အောင်ပွဲရပြည်နယ်လက်ရွေးစင် အသင်းများမှ အုပ်ချုပ်သူ၊ နည်းပြများနှင့် ပြိုင်ပွဲဝင်ကစားသမားများအား လည်းကောင်း၊ အောင်ပွဲ ရရှိရန်ကူညီဆောင်ရွက်ပေးခဲ့ကြသော လူပုဂ္ဂိုလ်အဖွဲ့အစည်းများအားလည်းကောင်း ဂုဏ်ပြုချီးမြှင့် ငွေနှင့် ဂုဏ်ပြုဆုများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး ဂုဏ်ပြုညစာကို အတူတကွ သုံးဆောင် ခဲ့ကြသည်။

ကချင်ပြည်နယ်အနေဖြင့် ၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အားကစားပြိုင်ပွဲများတွင် တံခွန်စိုက်ဒိုင်းဆုများကို ဂေါက်သီးရိုက်ပြိုင်ပွဲတွင် ပြည်နယ်လက်ရွေးစင်အမျိုးသမီးအသင်း၊ အေရိုး ဗစ်အသင်းနှင့်  အမျိုးသမီးဘောလီဘောအသင်းတို့သည် တံခွန်စိုက်ဒိုင်းဆုများကို အသီးသီးရရှိခဲ့ကြ ကြောင်း သိရှိရသည်။