ကချင်ပြည်နယ်ဝန်ကြီးချုပ် မြန်မာ-တရုတ်နယ်စပ်ကုန်စည်စီးဆင်းရေး လုပ်ငန်းညှိနှိုင်း အစည်း အဝေးနှင့် ကိုဗစ်-၁၉ ရန်ပုံငွေမှ ထုတ်ပေးထားသည့် ချေးငွေများ အကျိုးရှိစွာ အသုံးချခဲ့မှုအပေါ် ပြည်နယ်စိစစ်ကြပ်မတ်ရေးအဖွဲ့၏ (၂/၂၀၂၂)ရှင်းလင်းဆွေးနွေးခြင်းအစည်းအဝေးသို့ တက်ရောက်

 ကချင်ပြည်နယ်ဝန်ကြီးချုပ် မြန်မာ-တရုတ်နယ်စပ်ကုန်စည်စီးဆင်းရေး လုပ်ငန်းညှိနှိုင်း အစည်း အဝေးနှင့် ကိုဗစ်-၁၉ ရန်ပုံငွေမှ ထုတ်ပေးထားသည့် ချေးငွေများ အကျိုးရှိစွာ အသုံးချခဲ့မှုအပေါ် ပြည်နယ်စိစစ်ကြပ်မတ်ရေးအဖွဲ့၏ (၂/၂၀၂၂)ရှင်းလင်းဆွေးနွေးခြင်းအစည်းအဝေးသို့ တက်ရောက်

မြစ်ကြီးနား     ဇူလိုင် ၂၅

          ကချင်ပြည်နယ်အတွင်းရှိ ကန်ပိုက်တီ၊ လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ တစ်ဆင့် မြန်မာ – တရုတ်ကုန်စည်ပြန်လည်စီးဆင်းရာတွင် ပိုမိုအားကောင်းခိုင်မာပြီး ကြန့်ကြာမှုမရှိစေရေး၊ လျင်မြန်ချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် ပြည်နယ်အဆင့် လုပ်ငန်းကော်မတီအဖွဲ့ဝင်များ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင် ၂၅ ရက် မွန်းလွဲ ၁ နာရီခွဲ က ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်အမှာစကားပြော ကြားသည်။

          လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်အဆင့်လုပ်ငန်းကော်မတီ နာယက၊ ပြည်နယ် ဝန်ကြီးချုပ်က ကန်ပိုက်တီနှင့် လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ တစ်ဆင့် တစ်ဖက် တရုတ် နိုင်ငံသို့ ကုန်စည်စီးဆင်းရေးသည် မိမိတို့ ပြည်နယ်၏ အဓိကလုပ်ငန်းတစ်ခုဖြစ်ကြောင်း၊ ယခုအခါ ကန်ပိုက်တီနယ်စပ်ဂိတ်မှတစ်ဆင့် ပျမ်းမျှ တစ်ရက်လျှင် ယာဉ်အစီးရေ (၆၀)ခန့်သာ ဝင်ရောက်နိုင် သည့်အတွက် ပို့ကုန်ယာဉ်စီးရေ ပိုမိုဝင်ရောက်စေရေးနှင့် ပို့ကုန်လုပ်ငန်းဆောင်ရွက်မည့် တွဲကား စီးရေ (၈၀၀)ကျော် ခွင့်ပြုထားပြီးဖြစ်သော်လည်း ကုန်သွယ်မှုလုပ်ငန်းများ ကြန့်ကြာမှုများရှိနေသဖြင့် လျင်မြန်ချောမွေ့စွာဆောင်ရွက်နိုင်ရေး စီမံဆောင်ရွက်ပေးရမည့် ကိစ္စရပ်များအပေါ် ညှိနှိုင်းဆွေးနွေး ကြစေလိုကြောင်း တိုက်တွန်းမှာကြားသည်။

          ထို့နောက် တက်ရောက်လာကြသည့် ကော်မတီအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ် အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကန်ပိုက်တီနှင့် လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ တာဝန်ရှိသူများနှင့် ပြည်နယ်ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင်များအသင်း၊ နယ်စပ်ကုန်စည်စီးဆင်း ရေးလုပ်ငန်းတွင် ပါဝင်သည့် အသင်းအဖွဲ့များမှ တာဝန်ရှိသူများက ပြည်နယ်အဆင့်နှင့် ခရိုင်အဆင့် ကော်မတီများတွင် ဌာနဆိုင်ရာများ ထပ်မံဖြည့်စွက် ဖွဲ့စည်းရမည့်ကိစ္စရပ်များ၊ နှစ်နိုင်ငံသဘောတူ စာချုပ် (MoU)လက်မှတ်ရေးထိုးနိုင်‌ရေး ဥပဒေအကြံပြုချက် ရယူရန်ကိစ္စရပ်များ၊ ကုန်စည်စီးဆင်းမှု လုပ်ငန်းများအပေါ် အားနည်းချက်၊ အားသာချက်များကို သုံးသပ်ဆွေးနွေးခြင်းနှင့် လာမည့် ပွင့်လင်း ရာသီအတွက် တရုတ်နိုင်ငံနှင့် ညှိနှိုင်းဆောင်ရွက်ရာတွင် ကြိုတင်ပြင်ဆင်ဖြည့်စွက် ဆွေးနွေးသွားရ မည့်ကိစ္စရပ်များ၊ ယာဉ်အဝင်/ အထွက် စနစ်တကျ စိစစ်ကြပ်မတ် ဆောင်ရွက်သွားရမည့်ကိစ္စရပ်များ၊ စိုက်ပျိုးရေး ထွက်ကုန်သီးနှံများ၊ တိရစ္ဆာန်အစာ တင်/ ပို့မှုဆိုင်ရာကိစ္စရပ်များ၊ ယာဉ်မောင်း၊ ယာဉ် နောက်လိုက်များအား ကိုဗစ်ကာကွယ်ဆေးထိုးနှံပြီးစီးမှု အခြေအနေများ၊ လိုအပ်ချက်၊ အခက်အခဲ များ၊ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်‌ပေးရမည့်ကိစ္စရပ်များနှင့် စပ်လျဉ်း၍ အသီးသီးရှင်းလင်းဆွေးနွေး တင်ပြကြသည်။

          တင်ပြဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ဌာနဆိုင်ရာများနှင့် အသင်းအဖွဲ့များ အနေဖြင့် အမြဲတမ်းတွေ့ဆုံ၊ စေ့စပ်ဆွေးနွေးပြီး ကြိုးပမ်းဆောင်ရွက်ကြရေးနှင့် ဥပဒေမူဘောင်များ နှင့်အညီ လိုအပ်သည်များ ပံ့ပိုးကူညီနိုင်ရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။  

          အလားတူ အဆိုပါ မလိခခန်းမ၌ ပြည်နယ်ဝန်ကြီးချုပ်သည် ကိုဗစ်-၁၉ သက်ရောက်မှုကြောင့် ထိခိုက်မှုရှိသော စီးပွားရေးလုပ်ငန်းများအား ကိုဗစ်-၁၉ ရန်ပုံငွေမှ ထုတ်ပေးထားသည့် ချေးငွေများ အကျိုးရှိစွာ အသုံးချမှုအပေါ် ကချင်ပြည်နယ်စိစစ်ကြပ်မတ်ရေးအဖွဲ့၏ (၂/၂၀၂၂)ကြိမ်မြောက် ရှင်းလင်းဆွေး‌နွေး ညှိနှိုင်း အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့သည်။

          အစည်းအဝေးတွင်ပြည်နယ်ဝန်ကြီးချူပ်က ကိုဗစ်-၁၉ရောဂါသက်ရောက်မှုကြောင့် စီးပွားရေး လုပ်ငန်းများအား ကုစားပေးနိုင်ရေး၊ ဘဏ္ဍာရေးဆိုင်ရာ အခက်အခဲများ မပေါ်ပေါက်စေရေး ချေးငွေ များကို လုပ်ငန်းရှင်ကုမ္ပဏီများထံ ထုတ်ချေးပေးခဲ့ပါကြောင်း၊ သို့ဖြစ်ပါ၍ အဖွဲ့ဝင်များအနေဖြင့် လုပ်ငန်းရှင် ကုမ္ပဏီများထံ ထုတ်ချေးပေးခဲ့သော ချေးငွေများအား အရင်း/ အတိုးနှင့် ကြွေးကျန် မရှိ စေရေး၊ အပြည့်အဝကောက်ခံပေးသွင်းနိုင်ရေး ဝိုင်းဝန်းပေါင်းစပ် ဆောင်ရွက်ကြရန် လိုကြောင်း မှာကြားသည်။

          ထို့နောက် ပြည်နယ်စိစစ်ကြပ်မတ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်နယ်ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးဒေါက်တာသိမ့်သိမ့်မိုးနှင့် ပြည်နယ်စိစစ်ကြပ်မတ်ရေးအဖွဲ့ဝင် ဌာနဆိုင်ရာများက အဖွဲ့ဝင်များ၏ ၂၄.၇.၂၀၂၂ ရက်နေ့အထိ ချေးငွေထုတ်ချေးပေးခဲ့မှု အခြေအနေ များ၊ လုပ်ငန်းရှင်ကုမ္ပဏီများအလိုက် အတိုး၊ အရင်းကောက်ခံရရှိမှု အခြေအနေများနှင့် ချေးငွေ အပြည့်အဝကောက်ခံ ပေးသွင်းနိုင်ရေး ညှိနှိုင်းဆောင်ရွက်ခဲ့မှု အခြေအနေများကို ရှင်းလင်းတင်ပြ ကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း၍ ဖြေရှင်းဆောင်ရွက်ပေး ခဲ့ကြောင်း သိရှိရသည်။