ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ ပြည်သူ့ဆေးရုံဝင်းအတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်း ဆောင်ရွက်နေမှုများနှင့် သီတင်းကျွတ်အထိမ်းအမှတ် ပိုက်ကျော်ခြင်းပြိုင်ပွဲသို့ တက်ရောက်ဖွင့်လှစ်အားပေး

 ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ ပြည်သူ့ဆေးရုံဝင်းအတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်း ဆောင်ရွက်နေမှုများနှင့် သီတင်းကျွတ်အထိမ်းအမှတ် ပိုက်ကျော်ခြင်းပြိုင်ပွဲသို့ တက်ရောက်ဖွင့်လှစ်အားပေး

မြစ်ကြီးနား     အောက်တိုဘာ ၁၅

          ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ဦးဆောင်၍ ပြည်နယ်အတွင်းရှိ မြို့/ရွာများ သန့်ရှင်းသာယာ လှပလာစေရေး အပတ်စဉ်စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို ခရိုင်၊ မြို့နယ်များ အလိုက် ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာ ၁၅ ရက် နံနက် ၇ နာရီက မြစ်ကြီးနားမြို့ ပြည်သူ့ ဆေးရုံအတွင်း စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။

          ထို့သို့မြစ်ကြီးနားပြည်သူ့ဆေးရုံ၌ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန် နှင့်ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများက ဆေးရုံဝင်းအတွင်း ဌာနဆိုင်ရာများ၊ နယ်မြေခံတပ်ရင်းတပ်ဖွဲ့များမှ အရာရှိစစ် သည်များနှင့် တပ်နယ်မိသားစု များက ဆေးရုံလူနာဆောင်များတွင် သစ်ပင်ခြုံနွယ်များ ခုတ်ထွင်ခြင်း၊ အမှိုက်များကောက်ယူခြင်းနှင့် ရေနှုတ်မြောင်းတူးဖော်ခြင်းလုပ်ငန်းများ ပူးပေါင်းပါဝင်၍ စုပေါင်း ဆောင်ရွက်ခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်က ထောက်ပံ့ငွေများပေးအပ်ကာ သန့်ရှင်းရေးလုပ်ငန်း ဆောင်ရွက်သူများအား နံနက်စာ မုန့်နှင့် ရေသန့်ဘူးများ လိုက်လံဝေငှကျွေးမွေးခဲ့သည်။

          ထို့မှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မြစ်ကြီးနားမြို့ ပြည်သူ့အားက စားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပြည်နယ်ပိုက်ကျော်ခြင်းဆပ်ကော်မတီတို့ ပူးပေါင်းကျင်းပသည့် သီတင်းကျွတ်အထိမ်းအမှတ် အမျိုး သား (၃)ယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။

          ဖွင့်ပွဲအခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ယခုလို ပိုက်ကျော်ခြင်းအားကစားပြိုင်ပွဲကို စဉ်ဆက်မပြတ်ပြုလုပ်ကျင်းပခြင်းအားဖြင့် ပိုက်ကျော်ခြင်းအားကစားနည်းတွင် မျိုးဆက်သစ် လူငယ် များ မွေးထုတ်ပေးနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ ထို့အပြင် ပြီးခဲ့သည့် တိုင်းဒေသကြီးနှင့်ပြည်နယ် ပိုက်ကျော်ခြင်းပြိုင်ပွဲတွင်လည်း အောင်မြင်မှုများကို ရရှိခဲ့ပြီး ပြည်နယ်လက်ရွေးစင်အားကစားသမား (၃)ဦးသည် နေပြည်တော်လက်ရွေးစင်Campတွင် မြန်မာ့လက်ရွေးစင်အဖြစ် ရွေးချယ်ခံရရန် စခန်း သွင်းလေ့ကျင့်လျက်ရှိရာ ‌‌ရွေးချယ်ခံရပါက ပြည်နယ်လက်ရွေးစင်များ အစားထိုးရွေးချယ်သွားရန် ကြိုတင်ပြင်ဆင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။

          ထို့နောက် ကစားသမားများက သစ္စာအဓိဓာန်ရွတ်ဆိုခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန် ရှိသူများက ပြိုင်ပွဲဝင် ပိုက်ကျော်ခြင်းအသင်း (၁၃) သင်းမှ ကစားသမားများအား လိုက်လံနှုတ်ဆက် အားပေးခဲ့ကြကာ အဖွင့်ပွဲစဉ်အဖြစ် ကြက်ပေါင်ခြံအသင်းနှင့် အေးမြသာယာအလူမီနီယံအသင်းတို့၏ ယှဉ်ပြိုင်ကစားမှုကို ကြည့်ရှုအားပေးခဲ့ကြသည်။

          အဆိုပါ သီတင်းကျွတ်အထိမ်းအမှတ် ပိုက်ကျော်ခြင်းပြိုင်ပွဲကို မြစ်ကြီးနားမြို့ရှိ အသင်းပေါင်း (၁၃)သင်းဖြင့် အောက်တိုဘာ ၁၅ ရက်နေ့မှ အုပ်စု(၄)စုခွဲ၍ ယှဉ်ပြိုင်သွားကြမည်ဖြစ်ပြီး ဗိုလ်လုပွဲကို အောက်တိုဘာ ၁၇ ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကာ မျိုးဆက်သစ်ပိုက်ကျော်ခြင်အား ကစားသမားများ ပေါ်ထွန်းလာစေရေးအတွက် ဆောင်းရာသီအားကစားပွဲတော်အထိမ်းအမှတ်ပြိုင်ပွဲ၊ ဒီဇင်ဘာလူထုအားကစားလလှုပ်ရှားမှုပြိုင်ပွဲ၊ ကချင်ပြည်နယ်နေ့အထိမ်းအမှတ်၊ ပြည်ထောင်စုနေ့ အထိမ်းအမှတ် ပြိုင်ပွဲများကို ဆက်လက်ကျင်းပ ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ သိရှိရသည်။