ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ တန်ဆောင်မုန်းလပြည့်နေ့ ရှင်ဥပဂုတ္တမထေရ်ဖောင်တော် ရေမျှောပူဇော်ပွဲ၊ ဆီမီး ၁၅၀၀၀ ရေမျှောပူဇော်ပွဲနှင့် တန်ဆောင်တိုင်ပွဲတော်စည်ကားသိုက်မြိုက်စွာ ကျင်းပ

 ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ တန်ဆောင်မုန်းလပြည့်နေ့ ရှင်ဥပဂုတ္တမထေရ်ဖောင်တော် ရေမျှောပူဇော်ပွဲ၊ ဆီမီး ၁၅၀၀၀ ရေမျှောပူဇော်ပွဲနှင့် တန်ဆောင်တိုင်ပွဲတော်စည်ကားသိုက်မြိုက်စွာ ကျင်းပ

DCIM\100MEDIA\DJI_0271.JPG

မြစ်ကြီးနား     နိုဝင်ဘာ ၈

          ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် မြန်မာ့ရိုးရာအစဉ်အလာမပျက် တန်ဆောင်တိုင်ပွဲတော် ကို ကျင်းပပြုလုပ်လျက်ရှိရာ နိုဝင်ဘာ (၇)ရက် (မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ တန်ဆောင်မုန်း လပြည့်နေ့)ညနေ ၅ နာရီခွဲတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ တန်ဆောင်တိုင်ပွဲတော် ရှင်ဥပဂုတ္တမထေရ်ဖောင်တော်နှင့်အတူ ဧရာဝတီမြစ်အတွင်းသို့ ဆီမီး ၁၅၀၀၀ ရေမျှောပူဇော်ပွဲတို့ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြသည်။

          ရှေးဦးစွာ တန်ဆောင်တိုင်ပွဲတော် ရှင်ဥပဂုတ္တမထေရ်မြတ်ကြီး ဖောင်တော်နှင့် ဆီမီး ၁၅၀၀၀ ရေမျှောပူဇော်ပွဲကို မြစ်ကြီးနားမြို့ သီတာရပ်ကွက်ရှိ သမိုင်းဝင်လောကမာန်အောင် ဆုတောင်းပြည့် စေတီတော်အနီး ဧရာဝတီမြစ်ဆိပ်၌ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုကူညီရေး အသင်းအဖွဲ့များနှင့် ဒေသခံများက ရိုးရာအစဉ်အလာနှင့်အညီ ကျင်းပပြုလုပ်ခဲ့ကြပြီး ရှင်ဥပဂုတ္တ မထေရ်မြတ်ကြီး ဖောင်တော်ရေမျှောခြင်းနှင့် ဆီမီး ၁၅၀၀၀ ရေမျှောပူဇော်ခဲ့ကြသည်။

          ထို့သို့ ရှင်ဥပဂုတ္တဖောင်တော်ရေမျှော-ပူဇော်ခြင်းကို ပြည်နယ်ဝန်ကြီးချူပ် ဦးခက်ထိန်နန်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်အဆင့်ဌာန ဆိုင်ရာတာဝန်ရှိသူများက ကမ်းနားလမ်းနှင့် ရုံးကြီးလမ်းထောင့်ရှိ ဧရာဝတီမြစ်ဆိပ်၌ ဆီမီးများ ရေမျှောပူဇော်ပြီး မီးပုံးပျံများကို လွှတ်တင်ပေးခဲ့ကြသည်။ အလားတူ ဧရာဝတီမြစ်ကမ်းနှစ်ဖက်မှ မီးပုံးပျံများ လွှတ်တင်ခဲ့ကြသည်။

          ထို့နောက် ဧရာဝတီမြစ်ဆိပ် ဆီမီးရေမျှောပူဇော်ပွဲ၌ တိုင်းရင်းသားရိုးရာအကအလှများ၊ ဒိုးပတ်အကအဖွဲ့များဖြင့် ကပြဖျော်ဖြေခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြပြီး ဂုဏ်ပြုဆုငွေများကို ပေးအပ်ချီးမြှင့်ခဲ့သည်။

          မြစ်ကြီးနားမြို့၌ တန်ဆောင်တိုင်ပွဲတော် ညပိုင်းတွင် ဘုရား၊ စေတီပုထိုးများနှင့် အပန်းဖြေ ပန်းခြံများတွင် ကုသိုလ်ကောင်းမှုပြုသူများ၊ လာရောက်လည်ပတ်သူများဖြင့် အထူးစည်ကားများပြား လျက်ရှိပြီး လာရောက်လည်ပတ်သူများအား ဌာနဆိုင်ရာများနှင့် အရပ်ဘက်လူမှုရေးအသင်းအဖွဲ့များ က စတုဒီသာဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြကြောင်း သိရှိရသည်။

DCIM\100MEDIA\DJI_0271.JPG