ကချင်ပြည်နယ်ဝန်ကြီးချုပ် မဲစာရင်းကောက်ယူရာတွင် တိကျမှန်ကန်စေရေးအတွက် ပုံစံ (၆၆/၆) များအား အိမ်တိုင်ရာရောက် လိုက်လံစိစစ်နိုင်ရေး လုပ်ငန်းညှိနှိုူင်းအစည်းအဝေးသို့တက်‌ရောက်

 ကချင်ပြည်နယ်ဝန်ကြီးချုပ် မဲစာရင်းကောက်ယူရာတွင် တိကျမှန်ကန်စေရေးအတွက် ပုံစံ (၆၆/၆) များအား အိမ်တိုင်ရာရောက် လိုက်လံစိစစ်နိုင်ရေး လုပ်ငန်းညှိနှိုူင်းအစည်းအဝေးသို့တက်‌ရောက်

မြစ်ကြီးနား     နိုဝင်ဘာ ၁၄

ကချင်ပြည်နယ်အတွင်း လာမည့်ရွေးကောက်ပွဲတွင် မဲစာရင်းများကောက်ယူရာ၌ တိကျ မှန်ကန်စေရေးအတွက် အိမ်ထောင်စုလူဦးရေစာရင်းပုံစံ (၆၆/၆) များအား အိမ်တိုင်ရာရောက် စနစ် တကျလိုက်လံစိစစ်‌နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို နိုဝင်ဘာ ၁၄ ရက် မွန်းလွဲ ၂ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံးရှိ  မလိခခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက် အမှာစကားပြောကြားသည်။

‌ညှိနှိုင်းဆွေးနွေးပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်စီမံအုပ်ချုပ်ရေး‌ကောင်စီ ဒုတိယ ဥက္ကဌ နိုင်ငံတော်ဒုတိယဝန်ကြီးချုပ်၏ မဲစာရင်းများ တိကျမှန်ကန်စေရေးအတွက် မြေပြင်လူဦးရေ စာရင်း တိုက်ဆိုင်စစ်ဆေးကောက်ယူခြင်းဆိုင်ရာ အစည်းအဝေး လမ်းညွှန်ချက်များအား ရှင်းလင်းပြီး လာမည့်ရွေးကောက်ပွဲတွင် မဲစာရင်းများ တိကျမှန်ကန်စေရန် အိမ်ထောင်စုလူဦးရေစာရင်းပုံစံ (၆၆/၆) များကို အိမ်တိုင်ရာ‌ရောက် လိုက်လံစိစစ်ရေးလုပ်ငန်းစဥ်များ ဆောင်ရွက်ရာတွင် ပြည်နယ်၊ ခရိုင်၊ မြို့နယ် ဦးဆောင်ကော်မတီများက  ရပ်ကွက်/‌ကျေးရွာ များအလိုက် မြေပြင်စာရင်းများ စနစ် တကျကောက်ယူနိုင်ရေး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပညာရေးဦးစီးဌာန၊ မီးသတ်တပ်ဖွဲ့၊ ပရဟိတအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စာရင်းဇယား များတိကျမှန်ကန်ရေးအတွက် အချိန်နှင့်တစ်ပြေးညီ ကောက်ယူနိုင်ရန်နှင့် သတ်မှတ်ကာလအတွင်း လွတ်လပ်ပြီးတရားမျှတသော‌‌ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး အားလုံးကဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားသည်။

ယင်းနောက် ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်းက ပြည်နယ်အတွင်း အိမ်ထောင်စု လူဦးရေစာရင်းပုံစံ (၆၆/၆) ကိုအခြေခံ၍ မဲစာရင်းများအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၏ ဆာဗာ (Server) မှပြန်လည်ထုတ်ယူပြီး မြေပြင်အခြေအနေအမှန်နှင့် တိုက်ဆိုင် စစ်ဆေးရမည်ဖြစ်ကြောင်းနှင့် စစ်ဆေးပြီးသည့် ပုံစံ (၆၆/၆) လူဦးရေစာရင်းအမှန်ကို အမျိုးသား ဒေတာဘေ့စ်(Data Base)ပင်မဆာဗာသို့ ပြန်လည်ထည့်သွင်းရမည့် လုပ်ငန်းစဥ်များအား ရှင်းလင်း တင်ပြသည်။ ထို့နောက် ခရိုင်၊ မြို့နယ်အဆင့် တာဝန်ရှိသူများက ခရိုင်၊ မြို့နယ်များအလိုက် မဲစာရင်းများကောက်ယူရာတွင် တိကျမှန်ကန်ရေးအတွက် အဆင့်ဆင့် ဆောင်ရွက်သွားမည့် လုပ်ငန်း စဥ်များအား အသီးသီးရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လာမည့်‌ရွေးကောက်ပွဲတွင် ဖွဲ့စည်း ထားသည့် ကော်မတီအလိုက် သက်ဆိုင်ရာဌာနများ၊ လူမှုရေး အသင်းအဖွဲ့များနှင့် ချိတ်ဆက်ကာ အောင်မြင်အောင် ဆောင်ရွက်သွားကြရေး လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။