ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးဆောင်၍ မြစ်ကြီးနားမြို့ရှိ သမိုင်းဝင်စေတီပုထိုးဘုရားများတွင် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်

 ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးဆောင်၍ မြစ်ကြီးနားမြို့ရှိ သမိုင်းဝင်စေတီပုထိုးဘုရားများတွင် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်

မြစ်ကြီးနား     ဇန်နဝါရီ        ၂၆

ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ဦးဆောင်၍ မြစ်ကြီးနားမြို့ရှိ သမိုင်းဝင်စေတီပုထိုးများတွင် ဘုရားဖူးလာရောက်ကြမည့် ရဟန်း၊သံဃာတော်များနှင့် အများပြည်သူများ စိတ်အေးချမ်းသာစွာ တရားဘာဝနာပွားများ၍ ဖူးမြော်ကြည်ညိုနိုင်စေရန်နှင့် ဘုရားပတ်ဝန်းကျင် သန့်ရှင်းသာယာ လှပစေရန်အတွက် ဇန်နဝါရီ ၂၆ ရက် နံနက် ၇ နာရီခွဲက စုပေါင်းသန့်ရှင်းရေး ဆောင်ရွက် ခဲ့ကြသည်။

ထိုသို့ စုပေါင်းသန်ရှင်းရေးလုပ်ငန်းများကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီးဒေါ်နန်ဆိုင်း၊  ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ မြစ်ကြီးနားမြို့ လောကမာရ်အောင် ဆုတောင်းပြည့်စေတီတော် ဘုရားပုရိဝုဏ်အတွင်းနှင့်အပြင်တို့တွင် ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ စည်ပင်သာယာရေးဝန်ထမ်းများ၊ နယ်မြေခံရဲတပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ စုပေါင်း၍ ဘုရားပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရန်အတွက် သစ်ပင်ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များကောက်ယူခြင်း၊ ရေနှုတ်မြောင်းများ ရေစီးရေလာကောင်းမွန်ရေး တူးဖော်ပေးခြင်း၊ ရေတွင်း/ ရေကန်များ သန့်ရှင်းပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြပြီး  သန့်ရှင်းရေးလုပ်ငန်း ဆောင်ရွက်နေသူများအား ရင်းရင်းနှီးနှီး အားပေးစကားများပြောကြားကာ နံနက်စာအဖြစ် မုန့်များဝေငှခဲ့ကြသည်။

အလားတူ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အံတော်ရှင်စေတီတော် ဘုရားပုရိဝုဏ် အတွင်းနှင့်အပြင်တို့တွင်လည်း ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ စင်ပင်သာယာရေးဝန်ထမ်းများ၊ နယ်မြေခံရဲတပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး မုန့်နှင့်ရေသန့်ဘူးများကို ဝေငှ‌ကြွေးမွေးခဲ့ကြကြောင်း သိရသည်။