သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းများ(Clean and Green Schools) အကောင်အထည် ဖော်ဆောင်ရေးအတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ပံ့ပိုးငွေပေးအပ်ပွဲကျင်းပ

 သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းများ(Clean and Green Schools) အကောင်အထည် ဖော်ဆောင်ရေးအတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ပံ့ပိုးငွေပေးအပ်ပွဲကျင်းပ

မြစ်ကြီးနား     ဇန်နဝါရီ        ၂၆

သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းများ (Clean and Green Schools) အကောင်အထည် ဖော်ဆောင်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့မှ ပံ့ပိုးငွေပေးအပ်ပွဲကို မြစ်ကြီးနားမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း အေးမြသီတာခန်းမ၌ ဇန်နဝါရီ ၂၅ ရက် နံနက် ၉ နာရီခွဲက ကျင်းပပြုလုပ်ရာ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက် ခဲ့ကြသည်။

အခမ်းအနားတွင် ကချင်ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်က ပြည်နယ်အတွင်း သန့်ရှင်း၍ စိန်းလန်းစိုပြည်သော ကျောင်းအစီအစဉ်များကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်မှ စတင်၍ အကောင်အထည် ဖော်ဆောင်ရွက်ခြင်းဖြစ်ပြီး ပါဝင်ယှဉ်ပြိုင်သည့် အခြေခံပညာ ကျောင်းများအား ပြည်နယ်အစိုးရအဖွဲ့မှ ‌ပံ့ပိုးငွေများကို ဗန်းမော်ခရိုင်၊ မိုးညှင်းခရိုင်နှင့် ပူတာအိုခရိုင်တို့တွင် ပေးအပ်ချီးမြှင့်ခဲ့ပြီးဖြစ်ကြောင်း၊ ယနေ့အခမ်းအနားသည် မြစ်ကြီးနားခရိုင် အတွင်းရှိ ကျောင်းများကို ပံ့ပိုးငွေပေးအပ်သည့် အခမ်းအနားဖြစ်ပါကြောင်း၊ ပံ့ပိုးငွေများနှင့် သက်ဆိုင်ရာဌာနများမှ အထောက်အပံ့များကို အခြေခံအုတ်မြစ်အဖြစ် ထိထိရောက်ရောက် အသုံးချ၍ ပြည်နယ်အတွင်းရှိ အခြေခံပညာကျောင်းများအား ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ညီညွှတ်သော ကျောင်းများအဖြစ် အသွင်ပြောင်းဖြစ်တည်လာစေပြီး လူငယ်လူရွယ်များအကြား ပတ်ဝန်းကျင်ဆိုင်ရာ အတွေးအမြင် အလေ့အကျင့်ကောင်းများ ပိုမိုစိမ့်ဝင်ပျံ့နှံ့လာသည်နှင့်အတူ မိမိနေထိုင်ရာ ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပမှုများ ပိုမိုဖန်တီးလာနိုင်စေမည်ဖြစ်‌ပါကြောင်း  ပြောကြားသည်။

ထို့နောက် ပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ခိုင်စိုးက ၂၀၂၂ -၂၀၂၃ ဘဏ္ဍာရေးနှစ် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းများ (Clean and Green Schools) အကောင်အထည်ဖော် ဆောင်ရွက်ထားရှိမှုများအား ရှင်းလင်း တင်ပြပြီး  ပြည်နယ်ဝန်ကြီးချုပ်က မြစ်ကြီးနားခရိုင်အတွင်းရှိ ပါဝင်ယှဉ်ပြိုင်သည့် အမှတ်(၄) အခြေခံပညာ အလယ်တန်း‌ကျောင်း (လယ်ကုန်း) အတွက် ငွေကျပ် (၁၅)သိန်း၊အမှတ်(၁၁)အခြေခံ ပညာမူလတန်းကျောင်း သီတာအတွက် ငွေကျပ်  (၁၀)သိန်း၊ အမှတ် (၁) အခြေခံ ပညာအထက်တန်းကျောင်းအတွက် ငွေကျပ် (၂၅)သိန်းနှင့် ဘင်ခရာတပ်ဖွဲ့တို့အတွက်  ပံ့ပိုး‌ငွေအဖြစ်‌ဝတ်စုံစရိတ်ငွေကျပ် (၁၀)သိန်းကို ထောက်ပံ့ ပေးအပ်သည်။

ဆက်လက်၍ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၏ သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းအစီအစဉ်ဆောင်ရွက်ထားရှိမှုများအား Video Clip ပြသကာ ကင်းထောက်လူငယ် ကျောင်းသား/ကျောင်းသူများက နောက်ခံတေးသီချင်းဖြင့် သရုပ်ဖော်ကပြ ဖျော်ဖြေခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အဆိုပါကျောင်းအတွင်းရှိ ကျောင်းသား/ ကျောင်းသူများ  သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းများ (Clean and Green Schools) အကောင်အထည်ဖော် စီမံဆောင်ရွက်ထားရှိမှုများနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ပြခန်းများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။