ကချင်ပြည်နယ်ဝန်ကြီးချုပ် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ တက္ကသိုလ်ပေါင်းစုံအားကစားပြိုင်ပွဲတွင် ဆုရရှိသော မြစ်ကြီးနားနည်းပညာတက္ကသိုလ်မှ အားကစားသမားများ ဂုဏ်ပြုချီးမြှင့်

 ကချင်ပြည်နယ်ဝန်ကြီးချုပ် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ တက္ကသိုလ်ပေါင်းစုံအားကစားပြိုင်ပွဲတွင် ဆုရရှိသော မြစ်ကြီးနားနည်းပညာတက္ကသိုလ်မှ အားကစားသမားများ ဂုဏ်ပြုချီးမြှင့်

မြစ်ကြီးနား     ဖေဖော်ဝါရီ ၆

          ၂၀၂၃-၂၀၂၄ ပညာသင်နှစ် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ်များ၏ အားကစားပြိုင်ပွဲများ မြစ်ကြီးနားဇုံအနေဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး နည်းပညာတက္ကသိုလ်(မြစ်ကြီးနား)မှ ဆုရအားကစားသမားများ ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၆ ရက် မွန်းလွဲ ၁ နာရီက အဆိုပါတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမဆောင်၌ ကျင်းပပြုလုပ် ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်ချီးမြှင့်သည်။

          ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ကျောင်းသား/ ကျောင်းသူလူငယ် များအနေဖြင့် ကိုယ်လက်လှုပ်ရှားအားကစားတစ်ခုခုကို အစဉ်လေ့ကျင့်နေခြင်းဖြင့် ကျန်းမာကြံ့ခိုင်ပြီး ဗလငါးတန်ဖြင့် ဖွံ့ဖြိုးတိုးတက်သော လူငယ်များဖြစ်အောင် ကြိုးစားကြရန် နိုင်ငံတော်မှ အားပေး ဆောင်ရွက်နေသကဲ့ လူငယ်မောင်မယ်များအနေဖြင့်လည်း ကြိုးစားဆောင်ရွက်ကြရန် လိုအပ်ပါ ကြောင်း၊ ယနေ့ ကျောင်းသား/ ကျောင်းသူများအနေဖြင့် ပြည်နယ်နှင့် အမိတက္ကသိုလ်၏ ဂုဏ်ကို အားကစားဖြင့် မြှင့်တင်နိုင်သည့် အင်ဂျင်နီယာကောင်းများဖြစ်လာရန် လေ့ကျင့်ကြိုးစားကြစေလို ကြောင်း တိုက်တွန်းမှာကြားသည်။

          ထို့နောက် နည်းပညာတက္ကသိုလ်(မြစ်ကြီးနား) ဒုတိယပါမောက္ခချုပ် ဒေါက်တာမင်းမင်းဦးက တက္ကသိုလ်တွင်း အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးခဲ့မှု အခြေအနေများနှင့် ပြိုင်ပွဲဝင်ရောက် ယှဉ်ပြိုင်နိုင်ရေး လေ့ကျင့်ဆောင်ရွက်ခဲ့မှု၊ ဆုရရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

          ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က မြစ်ကြီးနားဇုံအနေဖြင့် နည်းပညာတက္ကသိုလ်မှ ပိုက်ကျော်ခြင်းနှင့် စားပွဲတင်တင်းနစ်ပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပိုက်ကျော်ခြင်း တတိယ ဆုနှင့် နောက်တန်းအကောင်းဆုံးဆုရ အားကစားသမား (၁)ဦး၊ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် တတိယဆု ရအားကစားသမား(၄)ဦးနှင့် စားပွဲတင်တင်းနစ်ပြိုင်ပွဲတွင် တစ်ဦးချင်း ဒုတိယဆုရ အားကစားသမား (၁)ဦးတို့အား ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ချီးမြှင့်ရာ အားကစားသမားများ ကိုယ်စား တစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။