ကချင်ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အဆင့် ပန်းခင်း စီမံချက် အောင်မြင်စွာအကောင် အထည်ဖော်ဆောင်ရွက်နိုင်ရေးနှင့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လျှောက်ထားလာမှုအပေါ် ဥပဒေလုပ်ထုံးလုပ်နည်းများနှင့် ခွင့်ပြုပေးနိုင်ရေး ညှိနှိုင်းဆွေးနွေးခြင်းများဆောင်ရွက်

 ကချင်ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အဆင့် ပန်းခင်း စီမံချက် အောင်မြင်စွာအကောင် အထည်ဖော်ဆောင်ရွက်နိုင်ရေးနှင့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လျှောက်ထားလာမှုအပေါ် ဥပဒေလုပ်ထုံးလုပ်နည်းများနှင့် ခွင့်ပြုပေးနိုင်ရေး ညှိနှိုင်းဆွေးနွေးခြင်းများဆောင်ရွက်

မြစ်ကြီးနား     အောက်တိုဘာ ၈

          ကချင်ပြည်နယ်အဆင့် ပန်းခင်း စီမံချက် အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက် နိုင်ရေးအတွက် လုပ်ငန်းဆောင်ရွက်ပြီးစီးမှု၊ ဆောင်ရွက်ဆဲ ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ လိုအပ်ချက်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်နိုင်ရေး ပြည်နယ်အဆင့် ပန်းခင်းစီမံချက်အကောင် အထည်ဖော်ရေးဆိုင်ရာ ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများအဖွဲ့ဝင်များ၏ ညှိနှိုင်းအစည်း အဝေးကို အောက်တိုဘာ ၈ ရက် နံနက်ပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပ ပြုလုပ်သည်။

          အစည်းအဝေးတွင် ပြည်နယ်အဆင့် ပန်းခင်း စီမံချက် အကောင်အထည်ဖော်ရေးဆိုင်ရာ ဦးစီးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ကချင်ပြည်နယ်အတွင်း မြို့နယ် ပေါင်း ၁၈ မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေါင်း (၁၈၁၁၇)ကတ် ဆောင်ရွက်ပေးနိုင်ခဲ့သည့်အတွက် ဆောင်ရွက်ပေးရမည့်ဦးရေ (၂၀၁၃၆၆)ဦးနှင့် နှိုင်းယှဉ်ပါက ၁၀ ရာခိုင်နှုန်းခန့် ဆောင်ရွက်ပေးနိုင်ခဲ့ပြီ ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်၏ စီမံချက်ဖြစ်သည့် ပန်းခင်းစီမံချက်ကို ပြည်နယ်အတွင်း အောင်မြင်စွာဆောင်ရွက်နိုင်ရေး ဦးစီးကော်မတီနှင့် လုပ်ငန်း ကော်မတီများမှအဖွဲ့ဝင်များအနေဖြင့်ညှိနှိုင်းဆွေးနွေးကြရန်လိုကြောင်း တိုက်တွန်းမှာကြားသည်။

          ထို့နောက် ဦးစီးကော်မတီအတွင်းရေးမှူး၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်းက ပြည်နယ်အတွင်း မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများအလိုက် လုပ်ငန်းစီမံချက် အသေးစိတ်ရေးဆွဲ ဆောင်ရွက်ခဲ့မှုအခြေအနေများနှင့် ဆောင်ရွက်ဆဲလုပ်ငန်းများ၊ ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက် ၍ အားနည်းချက်၊ အားသာချက်၊ အခွင့်အလမ်းနှင့် လိုအပ်ချက်များအပေါ် ညှိနှိုင်းပေါင်းစပ်ဆောင် ရွက်ပေးရန်ကိစ္စရပ်များကို Power Point ဖြင့် ရှင်းလင်းတင်ပြပြီး ကချင်ပြည်နယ် ပန်းခင်းစီမံချက် လှုံ့ဆော်ရေးအစီအစဉ်တစ်ခုအဖြစ်ရိုက်ကူးဆောင်ရွက်ထားသည့် မနောမြေမှပန်းခင်းတေးသီချင်း ကို ဖွင့်လှစ်ပြသခဲ့သည်။

          ယင်းနောက် လုပ်ငန်းကော်မတီအဖွဲ့ဝင်များက ပန်းခင်းစီမံချက်နှင့် ပတ်သက်၍ လုပ်ငန်း တာဝန်များအလိုက် ဆောင်ရွက်ခဲ့မှုများကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော် စီမံချက်ဖြစ်သည့်အတွက် အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး အရှိန်အဟုန် ဖြင့် အလေးထား ကြိုးပမ်းဆောင်ရွက်ကြရေး၊ လိုအပ်ချက်များအပေါ် ပေါင်းစပ်ဆောင်ရွက်နိုင်ရေး ကော်မတီ အဖွဲ့ဝင်များအနေဖြင့် အဆက်မပြတ်တွေ့ဆုံ၍ ဆွေးနွေးကြရေးနှင့် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

          ထို့နောက် မွန်းလွဲပိုင်းတွင် ကချင်ပြည်နယ်မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ကော်မတီ၏ (၁/၂၀၂၁) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဆက်လက်ကျင်းပပြုလုပ်ခဲ့ပြီး ပြည်နယ် မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန် က မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ အသုံးပြုခွင့်လျှောက်ထားလာမှုများအပေါ် ဥပဒေလုပ်ထုံး၊ လုပ်နည်းနှင့်အညီ နိုင်ငံတော်၏ လမ်းညွှန်ချက်နှင့်ကိုက်ညီသည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ် ငန်းများအတွက် ဦးစားပေးချထားပေးရေး၊ ကော်မတီအဖွဲ့ဝင်များအနေဖြင့် ဝိုင်းဝန်းစိစစ်၍ ဆွေး နွေးပေးကြရေး တိုက်တွန်းမှာကြားသည်။

          ဆက်လက်၍ ကော်မတီအတွင်းရေးမှူး၊ ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်း ဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးသန်းမြင့်က ကော်မတီပြင်ဆင်ဖွဲ့စည်းထားရှိမှုနှင့် မြေလွတ်၊ မြေလပ်၊ မြေရိုင်းများကို ပြည်နယ်ကော်မတီသို့ လုပ်ပိုင်ခွင့်၊ အသုံးပြုလျှောက်ထားလာမှုအပေါ် ဗဟိုကော်မတီနှင့် ပြည်နယ်ကော်မတီမှ ဆောင်ရွက်ခွင့်ရှိသည့် လုပ်ငန်းစာတွဲများကို ရှင်းလင်း တင်ပြသည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ကော်မတီအဖွဲ့ဝင်များက ပြည်နယ်ကော်မတီသို့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဓာတ်သတ္တုတူးဖော်ရေး၊ အစိုးရကခွင့်ပြုသော အခြားလုပ်ငန်းများနှင့် ပတ်သက်၍ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများအပေါ် လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် တင်ပြလျှောက် ထားလာမှုအပေါ် ဗဟိုကော်မတီသို့ တင်ပြဆောင်ရွက်ရန်နှင့် ပြည်နယ်ကော်မတီမှ စိစစ်ခွင့်ပြုရန် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ လုပ်ငန်းစာတွဲတစ်ခုခြင်းစီအလိုက် စိစစ်တင်ပြမှုများကို ဥပဒေလုပ်ထုံး လုပ်နည်းနှင့်အညီ ဆွေးနွေးဆောင်ရွက်ခဲ့ကြသည်။