ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီးဦးတိန့်ဆောင်က ချီဖွေနှင့်ပန်ဝါနယ်စပ်မြို့အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေးဆောင်ရွက်

 ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီးဦးတိန့်ဆောင်က ချီဖွေနှင့်ပန်ဝါနယ်စပ်မြို့အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေးဆောင်ရွက်

ပန်ဝါ     မတ် ၁၆

            ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်အတွင်းရှိ မြန်မာ-တရုတ်နယ်စပ်ဂိတ်ရှိရာ ပန်ဝါမြို့ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်သည် ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မတ် ၁၂ ရက်နှင့် ၁၄ ရက်တို့တွင် ချီဖွေမြို့နယ်နှင့် ပန်ဝါမြို့တို့ရှိ ဌာနဆိုင်ရာများ၊ ဒေသခံများနှင့် တွေ့ဆုံပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။

            ရှေးဦးစွာ မတ် ၁၂ ရက်တွင် ပြည်နယ်ဝန်ကြီးနှင့်အဖွဲ့သည် ချီဖွေမြို့အဝင် ချီဖွေငယ်ရေအားလျှပ်စစ် စက်ရုံ၌ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများနှင့် ပတ်သက်၍ SPIC ကုမ္ပဏီ မှ တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုကို သိရှိလိုသည်များ မေးမြန်းဆောင်ရွက်ခဲ့ကြပြီး စက်ရုံလည်ပတ်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

            ထိုမှတစ်ဆင့် ချီဖွေမြို့၌ ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် ဥက္ကပ်ရပ်ကွက် ဥက္ကပ်ဇပ်လမ်း အရှည်ပေ ၁၆၀ ကို ကွန်ကရစ်လမ်းခင်းကျင်းဆောင်ရွက်နိုင်ရေး လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြ ပြီး ချီဖွေမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် တွေ့ဆုံ ကာ ပြည်နယ်ဝန်ကြီးက ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ‌ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များ၊ ဒေသခံများ အလုပ်အကိုင်ရရှိရေးနှင့် မြို့နယ်အတွင်း စီမံဆောင်ရွက်သွားမည့် ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားပြီး လိုအပ်သည်များကို ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

            ထို့နောက် ဘာလဲ့ရပ်ကွက်နှင့် ရစ်လော်ရပ်ကွက်ချင်းဆက်လမ်း ရစ်ဇော်လမ်း အရှည်ပေ ၁၀၀၀ ကို ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်နိုင်ရေး ကြည့်ရှုစစ်ဆေးခဲ့ပြီး ချီဖွေမြို့အထက် ၁၅ မိုင်ရှိ ချီဖွေငယ် ရေအားလျှပ်စစ်အတွက် ဆောင်ရွက်ထားရှိသည့် ရေကာတာအခြေအနေအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြကာ ရေသိုလှောင်ထားရှိမှု အခြေအနေနှင့် ရေကာတာ၏ ကြံ့ခိုင်မှုအခြေအနေတို့ကို တာဝန်ရှိသူများနှင့် မေးမြန်းဆွေး နွေးခဲ့ကြသည်။

            ယင်းနောက် မတ် ၁၃ ရက်တွင် ပြည်နယ်ဝန်ကြီးနှင့်အဖွဲ့သည် ပန်ဝါမြို့ရှိ အမှတ် (၂)သတ္တုတူးဖော်ရေး လုပ်ကွက်များနှင့် လုပိကျေးရွာရှိ သတ္တုတူးဖော်ရေး လုပ်ကွက်များသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး သယံဇာတများ ထုတ်ယူသုံးစွဲရာတွင် သဘာဝပတ်ဝန်းကျင်များ ထိခိုက်ပျက်ဆီးမှုမရှိစေရေးနှင့် လုပ်ကွက်ဟောင်း များတွင် သစ်ပင်များပြန်လည်စိုက်ပျိုးနိုင်ရေး လိုအပ်သည်များကို ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ ပန်ဝါမြို့ ကချင်အထူးဒေသ (၁) ဗဟိုကုန်သွယ်ရေးဌာန၊ အစည်းအဝေးခန်းမ၌ ဌာနဆိုင်ရာ များ၊ ဒေသခေါင်းဆောင်များ၊ ရပ်မိရပ်ဖများ၊ ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့်တွေ့ဆုံကာ ပန်ဝါဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့မှ ဆောင်ရွက်ပေးသွားမည့် လုပ်ငန်းစဉ်များ၊ ဒေသဖွံ့ဖြိုးရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရေးအတွက် နယ်စပ်ဂိတ်ဖွင့်လှစ်နိုင်ရေး ကြိုးပမ်းဆောင်ရွက် လျက်ရှိသည့် အခြေအနေများနှင့် ပတ်သက်၍ ဌာနဆိုင်ရာများ၊ ဒေသခံများနှင့် ညှိနှိုင်းပေါင်းစပ်ဆွေးနွေးခဲ့ကြကာ ပြည်နယ် ဝန်ကြီးက လိုအပ်ချက်များကို ဖြည့်စွက်မှာကြားခဲ့သည်။

            ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးသည် အမှတ်(၂)ရပ်ကွက်အတွင်း ပြည်နယ်အစိုးရအဖွဲ့၏ ရန်ပုံငွေဖြင့် ‌ဆောင်ရွက်နိုင်မည့် အရှည်ပေ ၉၀၀ ရှိ မီးသတ်ရုံးလမ်း(မြို့ရှောင်လမ်း)ခင်းကျင်းဆောင်ရွက်နိုင်ရေး၊ သောက်သုံး ရေရရှိရေးအတွက် စိမ့်စမ်းရေသွယ်ခြင်းလုပ်ငန်းနှင့် ရေစုကန်ပြုလုပ်၍ ရေပေးဝေရေးဆောင်ရွက်သွားမည့် အခြေ အနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး ပြည်နယ်ဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရှိရသည်။