ကချင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားမျိုးနွယ်စုပေါင်းစုံပါဝင်သည့် ပြည်နယ်တိုင်းရင်းသားရေးရာ ဝန်ကြီးဖလား မျိုးနွယ်စုပေါင်းစုံ အလွတ်တန်း အမျိုးသားဘောလုံးပြိုင်ပွဲ ကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေး

 ကချင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားမျိုးနွယ်စုပေါင်းစုံပါဝင်သည့် ပြည်နယ်တိုင်းရင်းသားရေးရာ ဝန်ကြီးဖလား မျိုးနွယ်စုပေါင်းစုံ အလွတ်တန်း အမျိုးသားဘောလုံးပြိုင်ပွဲ ကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား     မတ် ၁၅

          ကချင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးဌာနမှ ကြီးမှူး၍ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပြည်နယ်ဘောလုံးအားကစားဆပ်ကော်မတီတို့ ပူးပေါင်းကျင်းမည့် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးဖလား မျိုးနွယ်စုပေါင်းစုံ အလွတ်တန်း အမျိုးသားဘောလုံး ပြိုင်ပွဲ ကျင်းပပြုလုပ်နိုင်ရေးအတွက် မတ် ၁၅ ရက် နံနက် ၁၁ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။

          ညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြည်နယ်အတွင်းရှိ တိုင်းရင်းသားမျိုးနွယ်စုများဖြစ်ကြသည့် ကချင်(၆)မျိုး၊ရှမ်း(၅)မျိုး၊ဗမာ(၁)မျိုးပါဝင်သည့် ဘောလုံး ပြိုင်ပွဲကို မိမိတို့ တိုင်းရင်းသားအချင်းချင်း ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မြဲစေပြီး စာပေနှင့် ယဉ်ကျေးမှု များကို မျိုးဆက်သစ်လူငယ်များ လက်ဆင့်ကမ်းထိန်းသိမ်းလာနိုင်ရေး ရည်ရွယ်ကျင်းပရခြင်း  ဖြစ်သည့်အတွက် လိုအပ်သည်များကို ဝိုင်းဝန်းအကြံပြုဆွေးနွေးကြစေလိုကြောင်း တိုက်တွန်း မှာကြားသည်။

          ထို့နောက် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်က ဘောလုံးပွဲဖြစ်မြောက် ‌ရေးအတွက် စီမံဆောင်ရွက်ထားရှိမှုများနှင့် ဝန်ကြီးဌာနမှ ပံ့ပိုးဆောင်ရွက်သွားမည့် အခြေအနေ များကိုလည်းကောင်း၊ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ပြည်နယ်ဦးစီးမှူးက ဘောလုံး ပြိုင်ပွဲကျင်းပသွားမည့် အစီအစဉ်များ၊ လိုက်နာဆောင်ရွက်ရမည့် အချက်များကို လည်းကောင်း၊ တက်ရောက်လာကြသည့် ကချင်မျိုးနွယ်စုဝင် ဂျိန်းဖော့၊ လာချိဒ် ၊လော်ဝေါ်၊ ဇိုင်ဝါး၊ လီဆူ၊ ရဝမ် စာပေနှင့်ယဉ်ကျေးမှုအဖွဲ့များ၊ ရှမ်းမျိုးနွယ်စုများဖြစ်သည့် တိုင်းလိုင်၊ တိုင်းလုံ၊ တိုင်းလေ၊ တိုင်းဆာ၊ တိုင်းခမ်းတီစာပေယဉ်ကျေးမှုအသင်းများနှင့် ဗမာတိုင်း ရင်းသားစာပေနှင့် ယဉ်ကျေးမှု အသင်းများမှ တာဝန်ရှိသူများက ဘောလုံးပြိုင်ပွဲကျင်းပနိုင်ရေး ဘဏ္ဍာငွေရရှိရေး များနှင့် လိုအပ်ချက်များကို အသီးသီးဆွေး‌‌‌နွေးတင်ပြကြသည်။

          တင်ပြဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ဘောလုံးပြိုင်ပွဲ အောင်မြင်စွာ ကျင်းပ ပြုလုပ်နိုင်ရေး မျိုးနွယ်စုများအချင်းချင်း ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်သွားရေးနှင့် လိုအပ်သည်များ ကို ဖြေရှင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။