ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် နည်းပညာတက္ကသိုလ်(မြစ်ကြီးနား)တွင် အဂတိတိုက်ဖျက်ရေးဆိုင်ရာအသိပညာ‌ပေးဟောပြောပွဲနှင့် လူငယ်စကားဝိုင်းသို့တက်ရောက်

 ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် နည်းပညာတက္ကသိုလ်(မြစ်ကြီးနား)တွင် အဂတိတိုက်ဖျက်ရေးဆိုင်ရာအသိပညာ‌ပေးဟောပြောပွဲနှင့် လူငယ်စကားဝိုင်းသို့တက်ရောက်

မြစ်ကြီးနား     ဖေဖော်ဝါရီ     ၂၂

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ပမ္မတီးရပ်ကွက်ရှိ နည်းပညာတက္ကသိုလ်(မြစ်ကြီးနား)၌ အဂတိတိုက်ဖျက်ရေးဆိုင်ရာ ဟောပြောပွဲနှင့် လူငယ်စကားဝိုင်းကို ဖေဖော်ဝါရီ ၂၁ ရက် မွန်းလွဲ ၁ နာရီက ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် က အဂတိလိုက်စားမှုတိုက်ဖျက်ရေး၏ အနှစ်သာရသည် အများပြည်သူ၏ အကျိုးစီးပွားကို ကာကွယ်ပေးရန်နှင့် အဂတိကင်းစင်သည့် လူ့အဖွဲ့အစည်းဖြစ်စေရန် ဖြစ်ပါကြောင်း၊ အခြေခံအကျဆုံးဖြစ်သည့် အသိပညာပေးရေးနှင့် တာဆီးကာကွယ်ရေးလုပ်ငန်းစဉ်များကို အချိန်နှင့်တစ်ပြေးညီ အလေးထားလုပ်ဆောင်ကြရန် လိုကြောင် အဖွင့်အမှာစကားပြောကြားပြီး နည်းပညာတက္ကသိုလ်(မြစ်ကြီးနား)မှ ဒုတိယပါမောက္ခချုပ် ဒေါက်တာမင်းမင်းဦးက အခမ်းအနား ကျင်းပနိုင်ရေး ကူညီပံ့ပိုးပေးသော တာဝန်ရှိသူများအား ကျေးဇူးတင်စကားပြောကြားသည်။

ထို့နောက် ကချင်ပြည်နယ် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ အဖွဲ့ခေါင်းဆောင်၊ ပြည်နယ်အစိုးရအဖွဲ့ရုံးမှ ညွှန်ကြားရေးမှူး ဦးနေထွန်းအောင် က အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာများအား အသိပညာပေး ဟောပြောကာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းဆောင်ရွက်ချက်များနှင့် စပ်လျဉ်းသည့် Video Clip ဖွင့်လှစ်ပြသပြီး ပြည်နယ် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ဝင်၊ ပြည်နယ်ဥပဒေအရာရှိ ဦးကပ်တလွန်းက အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့် စပ်လျဉ်း၍ သိသင့်သိထိုက်သည်များကို အသိပညာပေး ဟောပြောခဲ့ကြသည်။

ယင်းနောက် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး လူငယ်စကားဝိုင်းအား ဆက်လက်ကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးကျော်ထက်နှင့် ပြည်နယ်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနမှ ပြည်နယ်တာဝန်ခံ ဒေါ်အိအိအေး တို့က ဦးဆောင်ဆွေးနွေးကာ နည်းပညာတက္ကသိုလ်(မြစ်ကြီးနား)မှ ကျောင်းသား/ကျောင်းသူ (၄)ဦးတို့က အစားအသောက် ဆေးဝါးနှင့်အလှကုန်၊ စီးပွားရေး၊ ဌာနဆိုင်ရာ ရာထူးခန့်ထားရေးနှင့် မူးယစ်ဆေးဝါး စသည့်ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ကြရာ ဦးဆောင်ဆွေးနွေးသူများမှ ဖြည့်စွက်ဆွေးနွေးပေးခဲ့ကြည်။

ဆက်လက်၍ ပြည်နယ်သယံဇာတရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက အဂတိတိုက်ဖျက်ရေးဆိုင်ရာ ဟောပြောပွဲနှင့် လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးခဲ့သည့် တာဝန်ရှိသူများနှင့် ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုဆုလက်ဆောင်များ ပေးအပ် ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။