ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ၂၀၂၁ ခုနှစ်၊ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းပွဲ မဟာမင်္ဂလာအခမ်းအနားကျင်းပ

 ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ၂၀၂၁ ခုနှစ်၊ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းပွဲ မဟာမင်္ဂလာအခမ်းအနားကျင်းပ

မြစ်ကြီးနား     မတ် ၂၈

          ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီက ကြီးမှူးကျင်းပသော ၂၀၂၁ ခုနှစ်၊ သာသနာတော် ဆိုင်ရာဘွဲ့တံဆိပ်တော်ဆက်ကပ်လှူဒါန်းပွဲ မဟာမင်္ဂလာအခမ်းအနားကို မတ် ၂၇ ရက် (သာသနာတော် နှစ် ၂၅၆၄၊ ကောဇာသက္ကရာဇ် ၁၃၈၂ ခုနှစ်၊ တပေါင်းလပြည့်နေ့) မွန်းလွဲ ၁ နာရီတွင် မြစ်ကြီးနားမြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။

          သာသနာဆိုင်ရာဘွဲ့တံဆိပ်တော်ဆက်ကပ်လှူဒါန်းပွဲသို့ ကချင်ပြည်နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ မိုးကောင်းမြို့ မဟာတိလောကာရာမ ပရိယတ္တိစာသင်တိုက်၊ ပဓာနနာယကဆရာတော် အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ၊ အဂ္ဂမစဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တအာစိဏ္ဏ ဦးဆောင်သော သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရဆရာတော်၊ သံဃာတော်များ ကြွရောက်တော်မူကြပြီး အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ ဖွင့်လှစ်သည်။

          ယင်းနောက် ကချင်ပြည်နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ မိုးကောင်းမြို့ မဟာတိလောကာရာမ ပရိယတ္တိ စာသင်တိုက်၊ ပဓာနနာယကဆရာတော် အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ၊ အဂ္ဂမစဟာဂန္ထဝါစက ပဏ္ဍိတ ဘဒ္ဒန္တအာစိဏထံမှ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်မြတ်သက်ဦး၊ ဒုတိုင်းမှူးနှင့် တပ်မတော်အရာရှိကြီးများ၊ ပြည်နယ်ကောင်စီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဧည့်သည်တော်များက ငါးပါးသီလခံယူဆောက်တည်ကြသည်။

          ဆက်လက်၍ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆန်းကြွယ်ကျေးရွာ၊ မစိုးရိမ်ကျောင်းဆရာတော် ဘဒ္ဒန္တကဝိသာရ မထေရ်မြတ်က သမ္မောဒနီယသြဝါဒက ထာကို မြွက်ကြားချီးမြှင့်‌တော်မူပြီး ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌကိုယ်စား၊ ကောင်စီအဖွဲ့ဝင် ဦးမျိုးဆွေက သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။

          ထို့နောက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိုင်းမှူးနှင့် တပ်မတော်အရာရှိကြီးများ၊ ပြည်နယ်ကောင်စီအဖွဲ့ဝင်များက သာသနာဆိုင်ရာ ဘွဲ့တံဆိပ်တော်များဖြစ်သည့် အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ မဂ္ဂမဟာကမ္မဌာနစရိယ၊ မဟာသဒ္ဓမ္မဇောတိကဓဇ၊ ဂန္ထဝါစက ပဏ္ဍိတ၊ သဒ္ဓမ္မဇော်တိကဓဇ ဘွဲ့တံဆိပ်တော်ရ ဆရာတော်၊ သံဃာတော် မထေရ်မြတ် (၁၄)ပါးတို့အား ဘွဲ့တံဆိပ်တော်များကို အသီးသီးဆက်ကပ်လှူဒါန်းကြပြီး ပြည်နယ်ဥပဒေချုပ်က သဒ္ဓမ္မဇောတိကဓဇ (သီလရှင်)ဘွဲ့တံဆိပ်တော်ရ သီလရှင်ဆရာကြီးအားလည်းကောင်း၊ ပြည်နယ်တရားလွှတ်တော်တရား သူကြီးချုပ်က သဒ္ဓမ္မဇောတိကဓဇ(လူပုဂ္ဂိုလ်)ဘွဲ့ရ ဦးဒီးဒုတ်အားလည်းကောင်း ဘွဲ့တံဆိပ်တော်များ ဆက်ကပ်အပ်နှင်းခဲ့ကြသည်။

          ယင်းနောက် ပြည်နယ်ကောင်စီဥက္ကဋ္ဌနှင့် တက်ရောက်လာကြသူများက ပြည်နယ်သံဃနာယက အဖွဲ့အကျိုးတော်ဆောင်၊ မြစ်ကြီးနားမြို့ ဓမ္မရက္ခိတဝန်းသိုကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တကေတုမာ လာ ထံမှ အနုမောဒနာတရားနာကြား၍ လှူဒါန်းမှုအစုစုအတွက် ရေဆက်သွန်းချ အမျှပေးဝေကာ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု (၃)ကြိမ် ရွတ်ဆို ရုပ်သိမ်းလိုက်သည်။