ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် နိုင်ငံတော်အလံတင်အခမ်းအနား၊ သဝဏ်လွှာဖတ်ပွဲနှင့် ရိုးရာမနောအက၊ ယဉ်ကျေးမှု ပဒေသာကပွဲတို့ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်

 ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် နိုင်ငံတော်အလံတင်အခမ်းအနား၊ သဝဏ်လွှာဖတ်ပွဲနှင့် ရိုးရာမနောအက၊ ယဉ်ကျေးမှု ပဒေသာကပွဲတို့ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်

မြစ်ကြီးနား     ဖေဖော်ဝါရီ ၁၂

          (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် နိုင်ငံတော်အလံတင်အခမ်းအနား၊ သဝဏ်လွှာဖတ်ပွဲနှင့်အတူ ကချင်တိုင်းရင်းသားရိုးရာမနောအက၊ ယဉ်ကျေးမှုပဒေသာအကဖျော်ဖြေပွဲတို့ဖြင့် ဖေဖော်ဝါရီ ၁၂ ရက်နေ့က ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်း ရှေ့မြက်ခင်းပြင်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြသည်။

          ရှေးဦးစွာ နံနက် ၅ နာရီခွဲတွင် ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်ကြည်လင်း ဦးဆောင်၍ ဂုဏ်ပြုတပ်ဖွဲ့ဝင်များ၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံအား လွှင့်တင်ခဲ့ ကြပြီး နိုင်ငံတော်အလံအား အလေးပြုခဲ့ကြသည်။

          ထို့နောက် နံနက် ၇ နာရီတွင် သဝဏ်လွှာဖတ်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရာ ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ မြောက်ပိုင်းတိုင်းစစ်ဌာနချူပ်တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင်နှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဦးတူးဂျာနှင့်ဇနီး၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ တပ်မတော်အရာရှိကြီးများ၊ ပြည်နယ်အစိုးရဖွဲ့ဝင်ဝန်ကြီးများနှင့်၎င်းတို့၏ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်နှင့်ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု အဖွဲ့များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များက ဂုဏ်ပြုတပ်ဖွဲ့နှင့်အတူ နိုင်ငံတော်အလံနှင့် ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား အ‌လေးပြုကြသည်။

ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် ထံမှ ၂၀၂၃ ခုနှစ် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့လာသည့် သဝဏ်လွှာအား ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ဖတ်ကြားသည်။

ဆက်လက်၍ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အဆင့်မြင့်ပညာနှင့် အခြေခံ ပညာအဆင့် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါးနှင့် ပန်းချီပြိုင်ပွဲတွင် ဆုရရှိသူများအား ပြည်နယ်ဝန်ကြီး ချုပ်၊ တိုင်းမှူး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ တပ်မတော်အရာရှိများ၊ ပြည်နယ် အစိုးရအဖွဲ့ဝင်များ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို ချီးမြှင့်ပေးအပ်ခဲ့ကြသည်။

ယင်းနောက် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် ရိုးရာမနောပွဲ ဖွင့်ပွဲ အခမ်းအနားကို မနောကွင်းငယ်ရှေ့၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး အဖွင့်မနောအကကို မနော အက ဦးဆောင်သူများနှင့်အတူ တက်ရောက်လာကြသည့် အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ တိုင်းရင်းသားစာပေနှင့် ရိုးရာယဉ်ကျေးမှုအဖွဲ့များက တစ်ပျော်တစ်ပါး စုပေါင်းပါဝင်ဆင်နွှဲခဲ့ ကြသည်။

          ထို့နောက် ဌာနဆိုင်ရာများ၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များ၏ ရိုးရာယဉ်ကျေးမှု ပဒေသာကပွဲကို ကြည့်ရှုအားပေးခဲ့ကြပြီး အကအဖွဲ့များအတွက် ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ် ခဲ့ကြကာ အပိတ်မနောအကကို တက်ရောက်လာသူများနှင့် တစ်ပျော်တစ်ပါး စုပေါင်းကခဲ့ကြပြီး ပြည်ထောင်စုနေ့အထိမ်းအမှတ် မနောအကကို ရုပ်သိမ်းခဲ့ကြောင်းသိရှိရသည်။