ကချင်ပြည်နယ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် အေးချမ်းပျော်ရွှင်စွာ ကျင်းပပြုလုပ်နိုင်ရေးနှင့် သက်ကြီးပူဇော်ပွဲ၊ ဇီဝိတဒါနငါးလွှတ်ပွဲများ အောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေး

 ကချင်ပြည်နယ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် အေးချမ်းပျော်ရွှင်စွာ ကျင်းပပြုလုပ်နိုင်ရေးနှင့် သက်ကြီးပူဇော်ပွဲ၊ ဇီဝိတဒါနငါးလွှတ်ပွဲများ အောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား     ဧပြီ ၅

          ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ ၁၃၈၃ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန် ပွဲတော်ကို အေးချမ်းပျော်ရွှင်စွာကျင်းပပြုလုပ်နိုင်ရေးနှင့် မြန်မာနှစ်ဆန်း(၁)ရက်နေ့သက်ကြီးပူဇော်ပွဲ၊ ဇီဝိတဒါနငါးလွှတ်ပွဲများအောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် ဦးစီးကော်မတီနှင့်ဆပ်ကော်မတီ များ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို   ဧပြီ ၅ ရက် ညနေ ၃ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ပြုလုပ်သည်။

          ရှေးဦးစွာ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်နှင့် နှစ်သစ်ကူးအခမ်းအနားများ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဦးစီးကော်မတီနာယက၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က သင်္ကြန်ပွဲတော်သည် အများပြည်သူအားလုံး ပါဝင်ဆင်နွှဲသည့် ပွဲတော်ဖြစ်သည့်အတွက် တည်တည် ငြိမ်ငြိမ်ဖြင့် အေးချမ်းလုံခြုံပျော်ရွှင်စွာ ကျင်းပနိုင်ရေး စီမံဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ထို့အပြင် မြန်မာနှစ်ဆန်း(၁)ရက်နေ့ နှစ်သစ်ကူးကုသိုလ်ကောင်းမှုပြုသည့် အခမ်းအနားများ အောင်မြင်စွာ ကျင်းပပြုလုပ်သွားရမည်ဖြစ်ကြောင်း၊ ဆပ်ကော်မတီအသီးသီးအနေဖြင့် မိမိတို့၏ လုပ်ငန်းတာဝန် များ ကို ကျေပွန်စွာဖြင့် ပူးပေါင်းချိတ်ဆက် ဆောင်ရွက်သွားကြရန်လိုကြောင်း မှာကြားသည်။

          ထို့နောက် ဦးစီးကော်မတီအဖွဲ့ဝင်များနှင့် ဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူများက ၁၃၈၃ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မြစ်ကြီးနား မြို့၌ ဗဟိုမဏ္ဍပ်၊ ရေကစားမဏ္ဍပ် တည်ဆောက်ပြီးစီးမှုအခြေအနေများ၊ လမ်းလျှောက်သင်္ကြန် ပွဲတော် ကျင်းပရေး စီစဉ်ဆောင်ရွက်ရှိမှုများ၊ မိုးညှင်းမြို့၊ ဗန်းမော်မြို့တို့တွင် ဗဟိုမဏ္ဍပ်များဖြင့် ကျင်းပပြုလုပ်သွားမည့် အစီအစဉ်များ၊ လုံခြုံရေးရယူဆောင်ရွက်သွားမည့် အစီအမံများ၊ သင်္ကြန်ပွဲ တော်ကာလအတွင်း ဌာနဆိုင်ရာများ၏ စတုဒီသာ ကျွေးမွေးသွားမည့် အစီအစဉ်များ၊ ဖွင့်ပွဲ၊ ပိတ်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပနိုင်ရေး ဆောင်ရွက်ထားရှိမှုများ၊ မြန်မာနှစ်ဆန်း(၁)ရက်နေ့ သက်ကြီးပူဇော်ပွဲ၊ ဇီဝိတဒါနငါးလွှတ်ပွဲ၊ အန္တရာယ်ကင်းပရိတ်တရားတော်နာယူပွဲအခမ်းအနားများ ကျင်းပပြုလုပ်သွားမည့် အစီအစဉ်များနှင့် ပတ်သက်၍ သုံးသပ်ညှိနှိုင်းဆွေးနွေးတင်ပြကြသည်။

          တင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ဆပ်ကော်မတီအသီးသီးအလိုက် လုပ်ငန်းတာဝန် များအပေါ် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများနှင့် ပတ်သက်၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။