ချီဖွေမြို့၊ ကန်ပိုင်ယန်ရပ်ကွက်သို့ နေရပ်စွန့်ခွာပြည်သူများ အမြန်ဆုံးပြန်လည်နေရာချထား ပေးနိုင်ရေး စီမံဆောင်ရွက်

 ချီဖွေမြို့၊ ကန်ပိုင်ယန်ရပ်ကွက်သို့ နေရပ်စွန့်ခွာပြည်သူများ အမြန်ဆုံးပြန်လည်နေရာချထား ပေးနိုင်ရေး စီမံဆောင်ရွက်

မြစ်ကြီးနား     ဧပြီ ၅

          ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့ပေါ်ရှိ နေရပ်စွန့်ခွာယာယီခိုလှုံရာစခန်း အမှတ် (၁) နှင့် အမှတ်(၂)နေ အိမ်ထောင်စုများအား ၎င်းတို့၏ နေရပ်ကန်ပိုင်ယန်ရပ်ကွက်သို့ အမြန်ဆုံး ပြန်လည် နေရာချထားပေးနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ဧပြီ ၅ ရက် မွန်းလွဲ ၁ နာရီတွင် ပြည်နယ်အစိုးရ အဖွဲ့ရုံး မလိခခန်းမ၌ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

          ညှိနှိုင်းဆွေးနွေးပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ကချင်ပြည်နယ်အတွင်း နေရပ်စွန့်ခွာပြည်သူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းနိုင်ရေး အတွက် (၆)လတာကာလအတွင်း အိမ်ထောင်စု (၄၉)စု၊ လူဦးရေ (၅၀၀)ကျော်ကို ပြောင်းရွှေ့ဆောင် ရွက်နိုင်ခဲ့ပါကြောင်း၊ သို့ဖြစ်ပါ၍ ပြည်နယ်အတွင်းရှိ ယာယီခိုလှုံရာစခန်းများနေ ပြည်သူများ ပြန်လည် နေရာချထားရေးနှင့် စခန်းများပိတ်သိမ်းရေးလုပ်ငန်းစဉ်များကို အလေးထားတိုးမြှင့်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ယနေ့ ချီဖွေမြို့ ကန်ပိုင်ယန်ရပ်ကွက်တွင် ပြန်လည်နေထိုင်ကြမည့် အိမ်ထောင်စု (၃၈)စုတို့အတွက် ပြန်လည်နေရာချထားရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ မိုးမကျမီ လျင် မြန်စွာ ရွှေ့ပြောင်းပေးနိုင်ရေး အလေးထားဆွေးနွေးကြစေလိုကြောင်း တိုက်တွန်းမှာကြားသည်။

          ထို့နောက် တက်ရောက်လာကြသည့် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ က ပြည်နယ်အတွင်း နေရပ်စွန့်ခွာပြည်သူများ ပြန်လည်နေရာချထားရေးလုပ်ငန်းစဉ်များ ဆောင်ရွက် ခဲ့မှုအခြေအနေများ၊ နေရပ်စွန့်ခွာယာယီတိုက်ပွဲ‌ရှောင်ပြည်သူများ နေရပ်ပြန်လည်ပို့ဆောင်ပေးနေမှု အခြေအနေများ၊ ချီဖွေမြို့ ကန်ပိုင်ယန်ရပ်ကွက်တွင် ပြန်လည်ရွှေ့ပြောင်းနေထိုင်ရေးအတွက် နေအိမ် အဆောက်အအုံများ၊ ရပ်ကွက်တွင်းလမ်းများ ခင်းကျင်းပေးနိုင်ရေး၊ လျှပ်စစ်မီးသွယ်တန်းရေးနှင့် ကျန်းမာရေး၊ ပညာရေးနှင့် သောက်သုံးရေရရှိ‌ရေးတို့နှင့် အခြေချနေထိုင်ရာတွင် ကူညီထောက်ပံ့ပေး နိုင်ရေးစသည့် ပြန်လည်နေရာချထားရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ တင်ပြဆွေးနွေးကြသည်။

          ဆွေးနွေးတင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပြန်လည်နေရာချထားရေးအတွက် လို အပ်သည်များ လုပ်ထုံးလုပ်နည်းနှင့်အညီ အမြန်ဆုံး ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး ညှိနှိုင်းပေါင်း စပ်ဆောင်ရွက်ပေးခဲ့သည်။