မြစ်ကြီးနားမြို့တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားနှင့် (၇၅)နှစ်မြောက် စိန်ရတုကချင်ပြည်နယ်နေ့ အခမ်းအနားများကို ခိုင်မာသည့် သမိုင်းကြောင်း အစဉ်အလာများကို ဖော်ထုတ်ထိန်းသိမ်းပြီး ခမ်းနားထည်ဝါစွာကျင်းပပြုလုပ်သွားမည်

 မြစ်ကြီးနားမြို့တွင်  (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားနှင့် (၇၅)နှစ်မြောက် စိန်ရတုကချင်ပြည်နယ်နေ့ အခမ်းအနားများကို ခိုင်မာသည့် သမိုင်းကြောင်း အစဉ်အလာများကို ဖော်ထုတ်ထိန်းသိမ်းပြီး ခမ်းနားထည်ဝါစွာကျင်းပပြုလုပ်သွားမည်

မြစ်ကြီးနား     ဒီဇင်ဘာ ၂၇

          ၂၀၂၃ ခုနှစ် ဇန်နဝါရီ (၄)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေး နေ့အခမ်းအနားနှင့်ဇန်နဝါရီ(၁၀)ရက်နေ့တွင်ကျရောက်မည့်(၇၅)နှစ်မြောက်စိန်ရတု ကချင်ပြည်နယ် နေ့အခမ်းအနားများကို ကြီးကျယ်ခိုင်မာသည့် သမိုင်းကြောင်း အစဉ်အလာများနှင့်အညီ လက်ဆင့်ကမ်း  ဖော်ထုတ်ထိန်းသိမ်းပြီး ခမ်းနားထည်ဝါစွာ ကျင်းပပြုလုပ်သွားရမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၂၇ ရက် နံနက် ၁၀ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည့် လုပ်ငန်းညှိနှိုင်းအစည်း အဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က ထည့်သွင်းမှာကြားသည်။

          ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနား ကို ဘိုးဘွားများ၏ ကြိုးပမ်းမှုအပေါ် ပုံရိပ်ကောင်းမွန်စွာ၊ ဂုဏ်သိက္ခာရှိစွာ ကျင်းပပြုလုပ်သွားရမည် ဖြစ်သလို စိန်ရတုကချင်ပြည်နယ်အနေ့အခမ်းအနားသည်လည်း နိုင်ငံ၏လွတ်လပ်ရေးနေ့နှင့်အတူ ပေါ်ပေါက်လာခဲ့သည့်အတွက်ကြောင့် မိမိတို့ မျိုးဆက်များအပေါ် လွတ်လပ်ရေးနေ့နှင့် ပြည်နယ်နေ့ ၏အနှစ်သာရကို လက်ဆင့်ကမ်းထိန်းသိမ်းနိုင်ရေးအစဉ်အလာနှင့်အညီ ပိုမိုခမ်းနားထည်ဝါစွာကျင်းပ ပြုလုပ်နိုင်ရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။

          ထို့နောက် တက်ရောက်လာကြသည့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဆပ်ကော်မတီ အသီးသီးမှ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ များမှ ခေါင်းဆောင်များက လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင် အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲ ကျင်းပပြုလုပ်သွားမည့် အစီအစဉ်များ၊ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲ၊ အားကစား ပြိုင်ပွဲများ ကျင်းပပြုလုပ်သွားမည့်အစီအစဉ်များကို တင်ပြဆွေးနွေးကြသည်။

အလားတူ စိန်ရတုကချင်ပြည်နယ်နေ့အထိမ်းအမှတ် မနောပွဲတော်ကို ရိုးရာအစဥ်အလာ နှင့်အညီ မနောအကဖြင့် (၂)ရက်တာကျင်းပပြု လုပ်သွားမည့် အစီအမံများ၊ ပြေးလမ်း(၁၀)ခုပါ ရေကူးကန်ဖွင့်နိုင်ရေး၊ ကာယဗလမောင်နှင့်ကာယမယ် ယှဉ်ပြိုင်ပွဲ ကျင်းပနိုင်ရေး၊ မြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲအပါအဝင် အားကစားပြိုင်ပွဲများ၊ ပျော်ပွဲရွှင်ပွဲ အားကစားပြိုင်ပွဲများ ထည့်သွင်း ကျင်းပရေးနှင့် ပြည်နယ်အတွင်းရှိ အသေးစား၊အငယ်စားနှင့် အလတ်စားစက်မှုလက်မှု ထုတ်ကုန်ပြခန်းများ၊ ဌာနဆိုင်ရာပြခန်းများ ထည့်သွင်းပြသနိုင်ရေး၊ စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ကြ သည့်လူပုဂ္ဂိုလ်အဖွဲ့အစည်းများအား ဂုဏ်ထူး ဆောင်ဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ချီးမြှင့် အပ်နှင်းသွားမည့် အစီအစဉ်များကို အသီးသီး ဆွေးနွေးတင်ပြကြခဲ့ကြသည်။  

          တင်ပြဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က အခမ်းအနားများ အောင်မြင်စွာကျင်းပ ပြုလုပ်နိုင်ရေးအတွက် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။