မြစ်ကြီးနားမြို့၌ ကချင်ပြည်နယ်အမျိုးသမီးအားကစားအဖွဲ့ ဆပ်ကော်မတီနာယကဖလား Fitness Dance ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

 မြစ်ကြီးနားမြို့၌ ကချင်ပြည်နယ်အမျိုးသမီးအားကစားအဖွဲ့ ဆပ်ကော်မတီနာယကဖလား Fitness Dance ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

မြစ်ကြီးနား     ဒီဇင်ဘာ ၂၇

          ကချင်ပြည်နယ်အတွင်းရှိ အမျိုးသမီးများ၏ အားကစားအဆင့်အတန်း မြင့်မားလာစေရေး ရည်ရွယ်၍ ကျင်းပပြုလုပ်သည့် ပြည်နယ်အမျိုးသမီးအားကစားအဖွဲ့ဆပ်ကော်မတီ နာယကဖလား Fitness Dance ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ပြည်နယ်ပြည်သူ့အားကစားကွင်းအတွင်း မိုးလုံ လေလုံအားကစားခန်းမ၌ ဒီဇင်ဘာ ၂၇ ရက် နံနက် ၉ နာရီက ကျင်းပပြုလုပ်သည်။

          ရှေးဦးစွာ Fitness Dance ပြိုင်ပွဲကို ပြည်နယ်အမျိုးသမီးအားကစားအဖွဲ့ဆပ်ကော်မတီ နာယက၊ပြည်နယ်ဝန်ကြီးချုပ်၏ဇနီးဒေါ်နန်ဆိုင်းကပြည်နယ်အတွင်းရှိ အမျိုးသမီးများ၏အားကစား အဆင့်အတန်းမြင့်မားရေးအတွက် ဆပ်ကော်မတီအနေဖြင့် အားကစားသင်တန်းများကို စဉ်ဆက် မပြတ်ကျင်းပပြုလုပ်ခဲ့သဖြင့် ထူးချွန်ကစားသမားများကို ပေါ်ထွက်ခဲ့ပါကြောင်း၊ ဆက်လက်၍လည်း အမျိုးသမီးအားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပြည်နယ်အားကစားနှင့်ကာယပညာဦးစီး ဌာန၊ ဆပ်ကော်မတီအသီးသီးနှင့် ပေါင်းစပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တိုက်တွန်းပြောကြား သည်။

          ထို့နောက် အခြေခံပညာကျောင်းသူလေးများ၏ အဖွဲ့လိုက် Fitness Dance အကဖြင့် ယှဉ်ပြိုင်မှုကို ဒိုင်အဖွဲ့ဝင်များနှင့်အတူ ကြည့်ရှုအားပေးခဲ့ကြပြီး နယ်စပ်ဒေသတိုင်းရင်းသားလူငယ် များဖွံ့ဖြိုးရေးအမျိုးသမီးသင်တန်းကျောင်းမှ ကျောင်းသူလေးများက Fitness Dance အကဖြင့် သရုပ်ပြမှုကို ကြည့်ရှုအားပေးခဲ့ကြသည်။

ယင်းနောက် ဆုချီးမြှင့်ပွဲ အခမ်းနားကို ဆက်လက်ကျင်းပရာ အမျိုးသမီးအားကစား ဆပ်ကော်မတီအဖွဲ့ ဥက္ကဋ္ဌနှင့် နာယကအဖွဲ့ဝင်များက ပြိုင်ပွဲတွင် ဒိုင်လူကြီးအဖြစ် ပါဝင်ကူညီခဲ့သူ များအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများကို လည်းကောင်း၊ ပြိုင်ပွဲတွင် ဒုတိယနှင့် တတိယဆုရပြိုင်ပွဲဝင်အသင်းများအား တစ်ဦးချင်းလည်ဆွဲဆုတံဆိပ်နှင့် ငွေသားဆုများကို လည်း ကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး ဆပ်ကော်မတီနာယက၊ ပြည်နယ်ဝန်ကြီးချူပ်၏ ဇနီးက ပထမဆုရပြိုင်ပွဲဝင်အသင်းသားများအား တစ်ဦးချင်းဆုဆွဲပြားနှင့် ငွေသားဆုများကို ပေးအပ်ချီးမြှင့် ခဲ့ကြောင်းသိရှိရသည်။ ကချင်ပြည်နယ်အနေဖြင့် အမျိုးသမီး ကိုယ်ကာယကြံ့ခိုင်မှု(အေရိုးဗစ်)နှင့် Fitness Dance အနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ပြိုင်ပွဲများတွင် ၂၀၀၈ ခုနှစ်မှ ၂၀၁၁ ခုနှစ်အတွင်း (၄)နှစ်ဆက် တိုက် ပထမတံခွန်စိုက်ဒိုင်းရရှိခဲ့ပြီး  ၂၀၁၂ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ ဒုတိယဆုရရှိခဲ့သော်လည်း ၂၀၂၂ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်ပြိုင်ပွဲတွင် ရွှေတံဆိပ် (၁)ခု၊ ‌ငွေတံဆိပ် (၂)ခုဖြင့် ပထမ တံခွန်စိုက်ဒိုင်းကိုရရှိခဲ့ကြောင်း သိရှိရသည်။