မြစ်ကြီးနားမြို့၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ဒုတိယအကြိမ် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုနှင့် နှုတ်ခမ်းကွဲ/အာခေါင်ကွဲ လူနာများအား သွားရောက်ကြည့်ရှုအားပေး

 မြစ်ကြီးနားမြို့၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ဒုတိယအကြိမ် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုနှင့် နှုတ်ခမ်းကွဲ/အာခေါင်ကွဲ လူနာများအား သွားရောက်ကြည့်ရှုအားပေး

                                                 မြစ်ကြီးနား       ဖေဖော်ဝါရီ  ၂၁

            နိုင်ငံတော်အနေဖြင့် နိုင်ငံ့တာဝန်ကို ကျေပွန်စွာထမ်းဆောင်ခဲ့ကြပြီး ဌာနဆိုင်ရာနယ်ပယ် အသီးသီးမှ အနားယူသွားခဲ့ကြသည့် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားကြီးများအား ငွေကြေးကုန်ကျစိုက်ထုတ် ရမှု လျော့နည်းစေ၍ လက်လှမ်းမီသော ကျန်းမာရေးစောင့်ရှောက်မှုရရှိစေပြီး ကျန်းမာပျော်ရွှင်စွာနေ ထိုင်နိုင်ရေးအတွက် စီစဉ်ပေးလျက်ရှိရာ ကချင်ပြည်နယ်အစိုးရအဖွဲ့က ဦးဆောင်၍ ဖေဖော်ဝါရီ ၂၁ ရက် နံနက် ၆ နာရီခွဲက အငြိမ်းစားလစာထုတ်ယူခြင်းနှင့်အတူ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို မြစ်ကြီးနားမြို့ ကုတင် (၅၀၀) ဆံ့ ပြည်သူ့ဆေးရုံ၌ ဆောင်ရွက်ပေးခဲ့ကြသည်။

            ထိုသို့ ဆောင်ရွက်ရာတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ အား အငြိမ်းစားလစာထုတ်ယူပြီးချိန်တွင် တစ်ပါတည်း ကျန်းမာရေးစစ်ဆေးကုသမှုများ တစ်နေရာ ထဲတွင် စုဖွဲ့ဆောင်ရွက်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ခဲ့ရာ ပြည်နယ်တရားလွှတ်တော်တရား သူကြီးချုပ် ဦးတူးဂျာ၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ် ရေးအဖွဲ့ နာယက ပြည်နယ်ဝန်ကြီးချုပ်၏ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက အငြိမ်းစားနိုင်ငံ့ဝန်ထမ်းကြီးများအား ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ဆေးရုံအုပ်ကြီး၊ ကုသရေးဦးစီးဌာနမှသမားတော်၊ အထူးကုဆရာဝန်ကြီးများ၊ သူနာပြုဆရာမများက အငြိမ်စားလစာထုတ်ယူပြီးသည့် ဝန်ထမ်း‌ေဟာင်းများအား ကျန်းမာရေးစောင့်ရှောက်မှုအတွက် အပူချိန်တိုင်းခြင်း၊ သွေးပေါင်ချိန်ပေးခြင်း၊ အထွေထွေရောဂါ၊ မျက်စိ၊ နား၊ နှာ‌ခေါင်း၊ အရိုး စစ်ဆေးခြင်း၊ ဆေးဝါးများ ထုတ်ပေးခြင်း စသည့် တို့အပြင် အသက်(၆၀) နှစ်နှင့်အထက် ဘိုး/ဘွားများအား ကိုဗစ်(၁၉)ရောဂါ ထပ်ဆောင်းကာကွယ် ဆေး (Pfizer Comirnaty) ထိုးနှံပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများနှင့် မြန်မာ့စီးပွားရေးဘဏ် (မြစ်ကြီးနားဘဏ်ခွဲ) ပြည်နယ်မန်နေဂျာနှင့် အရာထမ်း/ အမှုထမ်းများက လုပ်ထုံးလုပ်နည်း နှင့် ပင်စင်အမျိုးအစားအလိုက် ပင်စင်လစာများ ထုတ်ပေးနေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးခဲ့ ကြသည်။

ထို့အပြင် အဆိုပါ လုပ်ငန်းစဉ်များ အဆင်ပြေစေရေးအတွက် အငြိမ်းစားဝန်ထမ်းကြီးများအား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ ပြည်နယ်/ ခရိုင်/ မြို့နယ် အမျိုးသမီးရေးရာနှင့် မိခင် နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအသင်းဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် လူမှုရေးအသင်း အဖွဲ့များက လိုက်ပါကူညီဆောင်ရွက်ပေးခြင်း၊ အာဟာရဒါနအဖြစ် ကွေကာအုပ်နှင့် မုန့်များ လှူဒါန်း ကျွေးမွေးခြင်းများအပြင် အငြိမ်းစားဝန်ထမ်းများအတွက် ကြက်သား၊ ဝက်သား၊ အမဲသား၊ ငါးနှင့် ဆန်၊ ဆီများ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူရရှိရေး သက်သာဈေးဖွင့်လှစ်ရောင်းချပေးနေမှုများ ကို လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ထို့နောက် ကချင်ပြည်နယ်တရားလွှတ်တော်တရား သူကြီးချုပ်နှင့်အဖွဲ့သည် မြစ်ကြီးနားမြို့ ကုတင် (၅၀၀)ဆံ့ ပြည်သူ့ဆေးရုံ သွားနှင့်ခံတွင်းဆောင်နှင့် ကလေးကုသဆောင်တို့တွင် ကျန်းမာရေးဝန်ကြီးဌာန၏ အစီအစဉ်ဖြင့် ဖေဖော်ဝါရီ ၂၁ ရက်နေ့မှ ၂၃ ရက်နေ့ အတွင်း ခွဲစိတ်ကုသ ပေးသွားမည့် နှုတ်ခမ်းကွဲ/ အာခေါင်ကွဲ လူနာ (၇၀) ဦးတို့အား ထောက်ပံ့ငွေနှင့် အာဟာရ မုန့်များ လိုက်လံဝေငှ ကျွေးမွေးခဲ့ကြပြီး ရင်းရင်းနှီးနှီး အားပေးစကားများ ပြောကြားခဲ့ကြသည်။