မြစ်ကြီးနားမြို့၌ (၇၅)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား ပြည်သူများပူးပေါင်းပါဝင်မှုဖြင့် အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး ညှိနှိုင်းဆွေးနွေး

 မြစ်ကြီးနားမြို့၌ (၇၅)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား ပြည်သူများပူးပေါင်းပါဝင်မှုဖြင့် အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား     ဇူလိုင် ၄

          ၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် အာဇာနည်နေ့ အခမ်း အနားကို ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ အများပြည်သူပူးပေါင်းပါဝင်မှုဖြင့် ကျင်းပပြုလုပ်နိုင်ရေး အတွက် ယနေ့ မွန်းလွဲ ၂ နာရီက ဦးစီးကော်မတီနှင့် ဆပ်ကော်မတီအဖွဲ့ဝင်များ၏ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက် အမှာ စကားပြောကြားသည်။

          လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က မိမိတို့နိုင်ငံလွတ်လပ်ရေးရရှိရန်၊ အချုပ်အခြာအာဏာနှင့် ပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲရေးအတွက် ကြိုးပမ်းခဲ့ကြသည့် နိုင်ငံ့ ခေါင်းဆောင်ကြီးများ၏ (၇၅)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို အောင်မြင်စွာ ကျင်းပပြုလုပ် နိုင်ရေးနှင့် အများပြည်သူ ပူးပေါင်းပါဝင်နိုင်ရေးအတွက် ဆပ်ကော်မတီအသီးသီးအနေဖြင့် မိမိတို့၏ လုပ်ငန်းတာဝန်များကို ကျေပွန်စွာ ဆောင်ရွက်ကြရန်လိုကြောင်းနှင့် လိုအပ်သည်များကို ပွင့်ပွင်း လင်းလင်း ဆွေးနွေးတင်ပြစေလိုကြောင်း ပြောကြားသည်။

          ထို့နောက် အခမ်းအနားတက်ရောက်လာကြသည့် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာန ဆိုင်ရာတာဝန်ရှိသူများက ဆပ်ကော်မတီအလိုက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ အခမ်းအနား အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေး ဆုံးဖြတ်ဆောင်ရွက်ပေးရမည့်ကိစ္စရပ်များ၊ ဗိုလ်ချုပ်ပန်းခြံတွင် ကျင်းပပြုလုပ်ပြီး ပြည်သူများ ပူးပေါင်းပါဝင်၍ လွမ်းသူ့ပန်းခွေချနိုင်ရေး စီမံဆောင်ရွက်သွားမည့် ကိစ္စရပ်များ၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များ စုံလင်စွာ တက်ရောက်နိုင်ရေး၊ နေ့ဆွမ်းဆက် ကပ်လှူဒါန်းသွားမည့် အစီအစဉ်များနှင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များကို တင်ပြဆွေးနွေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဆွေးနွေးတင်ပြမှုများအပေါ် လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင် ရွက်ပေးခဲ့သည်။

          အလားတူ ပြည်နယ်ဝန်ကြီးချုပ်သည် မွန်းတည် ၁၂ နာရီတွင် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက် ရှိ တက္ကသိုလ်ခရစ်ယာန်များမိတ်သဟာယရုံးဝင်းအတွင်း၌ ရပ်ကွက်နေပြည်သူများအား ကျန်းမာရေး ဝန်ထမ်းများက ကိုဗစ်ကာကွယ်ဆေး အပိုဆောင်းထိုးနှံပေးနေမှု လုပ်ငန်းများ ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုအားပေးခဲ့ကြပြီး  ကာကွယ်ဆေးထိုးလာရောက်ကြသည့် သက်ကြီးဘိုးဘွားများ အတွက် ထောက်ပံ့ငွေများကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

          ယင်းနောက် စီတာပူရပ်ကွက်အတွင်း ကျန်းမာရေးဝန်ထမ်းများနှင့် ကချင်ပြည်နယ်အခမဲ့ ဆေးဝါးကုသရေးဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးနေမှုကို ကြည့်ရှု အားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ကျန်းမာရေးဝန်ထမ်းများနှင့် ဖောင်ဒေးရှင်းအဖွဲ့တာဝန်ရှိသူ များအတွက် ချီးမြှင့်ထောက်ပံ့ငွေများကို ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရှိရသည်။