၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုပွဲ အခမ်းအနားနှင့် (၇၅)နှစ်မြောက် စိန်ရတု ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် အခမ်းအနားများတွင် ပြည်နယ်အတွင်းရှိ ထူးခြားသည့် MSME လုပ်ငန်းများနှင့် ဒေသထုတ်ကုန်များ ဖော်ထုတ်ပြသနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး

 ၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုပွဲ အခမ်းအနားနှင့် (၇၅)နှစ်မြောက် စိန်ရတု ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် အခမ်းအနားများတွင် ပြည်နယ်အတွင်းရှိ ထူးခြားသည့် MSME လုပ်ငန်းများနှင့် ဒေသထုတ်ကုန်များ ဖော်ထုတ်ပြသနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား     နိုဝင်ဘာ ၂၄

          ကချင်ပြည်နယ်အတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စား (MSME) စီးပွားရေးလုပ်ငန်း များနှင့် ပတ်သက်၍ ထူးခြားလုပ်ငန်းများနှင့် ထုတ်ကုန်များအား (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ် ရေးနေ့ ဂုဏ်ပြုပွဲ အခမ်းအနားနှင့် (၇၅)နှစ်မြောက် စိန်ရတု ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် အခမ်း အနားများတွင် ဖော်ထုတ်ပြသနိုင်ရေးအတွက် ပြည်နယ်အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွား ရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီအဖွဲ့ဝင်များနှင့် MSME စီးပွားရေးလုပ်ငန်းရှင်များ၏ ညှိနှိုင်းဆွေးနွေးပွဲကို နိုဝင်ဘာ ၂၄ ရက် နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။

          ညှိနှိုင်းဆွေးနွေးပွဲတွင် ပြည်နယ်အေဂျင်စီအဖွဲ့ နာယက၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် က  ယနေ့နိုင်ငံတော်အနေဖြင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ထုတ်ကုန်များ ပိုမိုတိုး မြှင့်ထုတ်လုပ်နိုင်ရေးအတွက် အားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ ပြည်နယ်အတွင်းရှိ MSME စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မိမိတို့ ထုတ်ကုန်များကို ပိုမိုထိရောက်အောင်မြင်ရေးနှင့် ဈေးကွက်ခိုင်မာလာစေရေးအတွက် ပြည်တွင်းပြုလုပ်သည့် အခမ်းအနားများ၊ ထုတ်ကုန်ပြပွဲ/ပြိုင်ပွဲ အစီအစဉ်များတွင် ခင်းကျင်းပြသရောင်းချရန်လိုအပ်ပါကြောင်း၊ ထို့ကြောင့် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုပွဲအခမ်းအနားနှင့်စိန်ရတုကချင်ပြည်နယ်နေ့တို့တွင် ထုတ်ဖော်ပြသခင်းကျင်းရောင်းချနိုင်ရေး လိုအပ်သည်များကို ဝိုင်းဝန်းအကြံပြုဆွေးနွေးကြစေလိုကြောင်း တိုက်တွန်းမှာကြားသည်။

          ယင်းနောက် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်ကြည်လင်းက နေပြည်တော်တွင် ကျင်းပပြုလုပ်မည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနားတွင် MSME လုပ်ငန်းများ ထုတ်ဖော်ပြသနိုင်ရေး စီမံဆောင်ရွက်ပေးသွားမည့်ကိစ္စရပ်များကို ရှင်းလင်းဆွေး နွေးပြောကြားပြီး တက်ရောက်လာကြသည့် ပြည်နယ်အတွင်းရှိ MSME စီးပွားရေးလုပ်ငန်းရှင်များက ဒေသထွက် ထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေး၊ တစ်ပိုင်တစ်နိုင် အသေးစားစားသောက်ကုန် လုပ်ငန်းများ ကူညီထောက်ပံ့ပေးနိုင်ရေး၊ ကုန်ထုတ်လုပ်ခွင့် မှတ်ပုံတင်များ အမြန်ဆုံးချထားပေးရေး၊ နည်းပညာပံ့ပိုးကူညီပေးနိုင်ရေးနှင့် ပြခန်းဖြင့် ခင်းကျင်းပသသွားမည့် အစီအစဉ်များအတွက် လိုအပ် ချက်၊ အခက်အခဲများကို တင်ပြဆွေးနွေးခဲ့ကြရာ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ပြည်နယ်အေဂျင်စီ အဖွဲ့ဝင် ဌာနဆိုင်ရာတာဝန်ရှိသူများက အကြံပြုဖြည့်စွက်ရှင်းလင်းတင်ပြခဲ့ကြသည်။

          တင်ပြဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ထုတ်ဖော်ပြသသွားမည့် ဒေသထုတ် ကုန်များအား ခမ်းနားထည်ဝါစွာပြသနိုင်ရေးနှင့် လုပ်ငန်းများအတွက် လိုအပ်သည်များကို ဌာန ဆိုင်ရာများနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။