ကချင်ပြည်နယ်အစိုးရအဖွဲ့က ဦးဆောင်၍ တစ်နှစ်တာအတွင်း ဦးစွာရရှိသည့် ကောက်ဦးစပါးဖြင့် ၂၀၂၂ ခုနှစ်၊ ရိုးရာကောက်သစ်စားပွဲတော် ကျေးဇူးတော်ချီးမွမ်းပွဲ ကျင်းပပြုလုပ်

 ကချင်ပြည်နယ်အစိုးရအဖွဲ့က ဦးဆောင်၍ တစ်နှစ်တာအတွင်း ဦးစွာရရှိသည့် ကောက်ဦးစပါးဖြင့် ၂၀၂၂ ခုနှစ်၊ ရိုးရာကောက်သစ်စားပွဲတော် ကျေးဇူးတော်ချီးမွမ်းပွဲ ကျင်းပပြုလုပ်

မြစ်ကြီးနား     နိုဝင်ဘာ ၂၅

          ကချင်ပြည်နယ်အတွင်း ဆန်စပါးရိတ်သိမ်းပြီးချိန်တွင် နှစ်စဉ်ကျင်းပလေ့ရှိပြီး တစ်နှစ်တာ အတွင်း တောင်သူတို့၏လယ်ယာမှ ဦးစွာရရှိသည့် ကောက်ဦးစပါးပေါ်ချိန် N’lung (shat) N’nan Sha Poi(အင်လုံအင်နန်ရှားပွဲ)ဟု ခေါ်ဆိုသည့် ရိုးရာကောက်သစ်စား ကျေးဇူးတော်ချီးမွမ်းပွဲ တော်ကို ကျင်းပလေ့ရှိရာ နိုဝင်ဘာ ၂၅ ရက် နံနက် ၁၀ နာရီ၌ ကချင်ပြည်နယ်အစိုးရအဖွဲ့က ဦးဆောင်၍ ဌာန ဆိုင်ရာများ၊ တိုင်းရင်းသားစာပေနှင့် ရိုးရာယဉ်ကျေးမှုအဖွဲ့များ၊ ဒေသခံတောင်သူများ စုပေါင်းကာ ပထမဆုံးအကြိမ် ကျင်းပပြုလုပ်သည့် ၂၀၂၂ ခုနှစ်၊ ရိုးရာကောက်သစ်စားပွဲတော် ကျေးဇူးတော် ချီးမွမ်းပွဲအခမ်းအနားကို မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ ကြသည်။

          ရှေးဦးစွာ ရိုးရာကောက်သစ်စားပွဲတော်ကို ကချင်မျိုးနွယ်စုဝင် တိုင်းရင်းသူလေးများက လယ်ယာခြံထွက် သီးနှံများ ပါဝင်သည့် ကောက်ဦးပလိုင်းများ သယ်ဆောင်လာခဲ့ကြပြီး သိက္ခာတော်ရ ဆရာတော်များက ကောက်ဦးပလိုင်းများအတွက် ဆုတောင်းဆက်ကပ်အပ်နှံပေးခဲ့ကြသည်။

          ထို့နောက် ရိုးရာကောက်သစ်စားပွဲတော်အတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ကချင်ပြည်နယ်အတွင်း ရိုးရာပွဲတော်များစွာရှိသည့်အနက် ယခုလိုစပါးရိတ်သိမ်းပြီးချိန်တွင် ဦးဦးဖျား ဖျားရရှိသည့် ကောက်ဦးကောက်သစ်ကို ယခုကဲ့သို့ ဒေသတွင်း တိုင်းရင်းသားပြည်သူများ၊ တောင်သူ များနှင့်အတူတကွ စုပေါင်း၍ ကျေးဇူးတော်ချီးမွမ်းခွင့်၊ အတူတကွ သုံးဆောင်ခွင့်ရရှိသည့်အတွက် အထူးပင်ဝမ်းမြောက်ဝမ်းသာဂုဏ်ယူမိပါကြောင်း ပြောကြားသည်။

          ယင်းနောက် သိက္ခာတော်ရဆရာတော်များနှင့် တက်ရောက်လာကြသူများက ဆုတောင်း ဆက်ကပ်အပ်နှံခြင်း၊ ဂုဏ်တော်သီချင်းများ ကျူးဧသီဆိုခြင်းကြပြီး ပြည်နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းများက လယ်ယာခြံထွက်သီးနှံများအတွက် ကျေးဇူးတော်ချီးမွမ်းခြင်းနှင့် သိက္ခာ တော်ရဆရာများနှင့် ကတ်သလစ်ဘုန်းတော်ကြီးတို့က ဓမ္မဒေသနာ တော်ဟောကြားခြင်းတို့ ဆောင် ရွက်ခဲ့ကြပြီး သိက္ခာတော်ရဆရာ မဒိန်ဇုန်းကျန်းက ကောင်းချီး တောင်းခံဆုတောင်းဆက်ကပ်ပေး ခဲ့သည်။

          ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီးဒေါ်နန်ဆိုင်းတို့က ကောက်ဦးပလိုင်းလက်ဆောင် များကို ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ တပ်မတော်အရာရှိကြီးများ၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များထံသို့ လည်းကောင်း၊ ကောက်ဦးပလိုင်းနှင့် အလှူငွေများကို  ဘာသာရေးအသင်းတော် ခေါင်းဆောင်များထံ လည်းကောင်း တစ်ဦးချင်းပေးအပ်ခဲ့ကြသည်။

          ထို့နောက် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တိုင်းရင်းသား/ တိုင်းရင်းသူလေးများ ကကချင်တိုင်းရင်းသားတို့၏ ရိုးရာကောက်သစ်စားပွဲတော် တေးသီချင်းအကအလှများဖြင့် ကပြဖျော် ဖြေတင်ဆက်မှုကို တက်ရောက်လာကြသူများက ကြည့်ရှုအားပေးခဲ့ကြပြီး တစ်နှစ်တာအတွင်း ပထမဆုံးထွက်ရှိသည့် စပါးကို ကြိတ်ခွဲကာ ဦးစွာရရှိသည့် ဆန်/ ကောက်သစ်ကို နေ့လည်စာ

အဖြစ် အတူတကွ ပျော်ရွှင်စွာ သုံးဆောင်ခဲ့ကြကြောင်း သိရှိရသည်။