ကချင်ပြည်နယ်အတွင်း ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအတွက် ပထမအကြိမ် မဲစာရင်းများ ထုတ်ပြန် ကြေညာ
မြစ်ကြီးနား အောက်တိုဘာ ၁ ကချင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးနှင့် ခရိုင်/မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများအနေဖြင့် လာမည့်ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေးနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများထုတ်ပြန်ကြေညာခြင်းကို ယမန်နေ့နံနက်ပိုင်းမှစတင်၍ မြစ်ကြီးနား မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကြော်ငြာဘုတ်များဖြင့်ကြေညာထားပြီဖြစ်ကြောင်း သိရသည်။ ထိုသို့ ကြေညာထားရှိမှုကို ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးကျော်အေး၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်ရွေးကောက်ပွဲအရာရှိနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ အဖွဲ့ဝင်များက မြစ်ကြီးနားမြို့နယ်အတွင်း၌ မဲဆန္ဒရှင်စာရင်းထုတ်ပြန်ထားသော ဒူကထောင်ရပ်ကွက်၊ မြေမြင့်၊ မြို့သစ်ကြီး၊ တပ်ကုန်း စသည့် ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများ၌ မဲဆန္ဒရှင်စာရင်းများ ကြေညာထားရှိမှုအခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။ ထို့အပြင် ဗန်းမော်မြို့နယ်အတွင်းရှိ မဲဆန္ဒရှင်စာရင်းများကို ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ရုံး၌ ကပ်ထားကြေညာထားရှိမှုကိုလည်း ကြည့်ရှုစစ်ဆေးခဲ့ကြပြီး အများပြည်သူ မိမိတို့ ကြည့်ရှုစစ်ဆေးလာပါက စနစ်တကျ ရှင်းလင်းပြသပေးရေးနှင့် လုပ်ထုံးလုပ်နည်းနှင့်အညီ ကြေညာချက်များကို နားလည်ရှင်းလင်းအောင် အသိပေးဟောပြောဆောင်ရွက်ကြရေး ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြသည်။…