ကချင်ပြည်နယ်ဝန်ကြီးချုပ် အော်ဂင်းနစ်လယ်ယာသီးနှံများစိုက်ပျိုးထုတ်လုပ်၍ ထုတ်ကုန်များကို အကျိုးတူလယ်ယာစနစ်ဖြင့် ဈေးကွက်ရှာဖွေတင်ပို့ရောင်းချနိုင်ရေးနှင့် စပ်လျဉ်း၍ လိုအပ်သည်များ ပံ့ပိုးကူညီပေးနိုင်ရေး ညှိနှိုင်းဆွေးနွေး

 ကချင်ပြည်နယ်ဝန်ကြီးချုပ် အော်ဂင်းနစ်လယ်ယာသီးနှံများစိုက်ပျိုးထုတ်လုပ်၍ ထုတ်ကုန်များကို အကျိုးတူလယ်ယာစနစ်ဖြင့် ဈေးကွက်ရှာဖွေတင်ပို့ရောင်းချနိုင်ရေးနှင့် စပ်လျဉ်း၍ လိုအပ်သည်များ ပံ့ပိုးကူညီပေးနိုင်ရေး ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား     ဒီဇင်ဘာ ၁

          ကချင်ပြည်နယ်အတွင်းရှိ တောင်သူများအား အော်ဂင်းနစ် လယ်ယာသီးနှံများ စိုက်ပျိုး ထုတ်လုပ်နိုင်ရေး စည်းရုံးဆောင်ရွက်ပြီး စိုက်ပျိူးရေးထုတ်ကုန်များကို အကျိုးတူလယ်ယာစနစ်ဖြင့် ဈေးကွက်တင်ပို့နိုင်ရေးနှင့် လိုအပ်သည်များ ပံ့ပိုးကူညီဆောင်ရွက်ပေးရေးအတွက် နိုဝင်ဘာ ၃၀ ရက် ညနေ ၃ နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ တာဝန်ရှိသူများ နှင့် ညှိနှိုင်းဆွေးနွေး ခဲ့ကြသည်။

          အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်က ယနေ့ နိုင်ငံတော်အနေဖြင့် စိုက်ပျိုး မွေးမြူရေးထုတ်ကုန်များကို အသေးစား၊ အငယ်စားနှင့် အလတ်စားစက်မှုလက်မှုလုပ်ငန်းများအဖြစ် တိုးမြှင့်ထုတ်လုပ်နိုင်ရေး ပံ့ပိုးကူညီအားပေးလျက်ရှိပါကြောင်း၊ ထို့အပြင် ပြည်နယ်၏ စီးပွားမြှင့်တင် ရေးအတွက် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ တိုးတက်မြှင့်မားလာစေရေး နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ချေးငွေများမတည်ပံ့ပိုးပေးလျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ စိုက်ပျိုးရေးထုတ်ကုန်များ ဈေးကွက်ရရှိရေးအတွက် တောင်သူများအား ဆက်သွယ်စည်းရုံးပြီး ထုတ်ကုန်များ တိုးတက်မြင့်မား လာစေရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။

          ထို့နောက် ရွှေမြေစိုက်ပျိုးရေးနှင့်ကုန်သွယ်ရေးအစုအဖွဲ့မှဦးဇော်ကိုကိုက ပြည်နယ်အတွင်း မြစ်ကြီးနား၊ မိုးညှင်း၊ ပူတာအို ဒေသများမှ တောင်သူများအား အော်ဂင်းနစ်စိုက်ပျိုးရေးနည်းပညာ များဖြင့် စိုက်ပျိုးစနစ်ထွန်းကားလာစေရေး ဆက်သွယ်စည်းရုံးပြီး လယ်ယာသီးနှံစိုက်ပျိုးရေးထုတ် ကုန်များအား အကျိုးတူလယ်ယာစနစ်ဖြင့် ဈေးကွက်ရှာဖွေတင်ပို့ရောင်းချပေးသွားမည့် လုပ်ငန်း အစီအစဉ်များနှင့် နည်းပညာ၊ သွင်းအားစု လိုအပ်ချက်များကို ရှင်းလင်းတင်ပြသည်။

          ယင်းနောက် တက်ရောက်လာကြသည့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများက စိုက်ပျိုးရေး သွင်း အားစု၊ ကုန်ကြမ်းနှင့် နည်းပညာများ ပံ့ပိုးကူညီပေးနိုင်ရေး ဖြည့်စွက်ရှင်းလင်းတင်ပြကြရာ ပြည်နယ် ဝန်ကြီးချုပ်က ဒေသအလိုက် အော်ဂင်းနစ်စနစ်ဖြင့် ထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေး လိုအပ် သည်များ ပံ့ပိုးကူညီပေးနိုင်ရေး ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။