ကချင်ပြည်နယ်ဝန်ကြီးချုပ်က ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးခဲ့သော မြစ်ကြီးနားမြို့ပေါ် ရပ်ကွက်နေပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများအား လက်ဝယ်အရောက်ပေးအပ်

 ကချင်ပြည်နယ်ဝန်ကြီးချုပ်က ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးခဲ့သော မြစ်ကြီးနားမြို့ပေါ် ရပ်ကွက်နေပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများအား လက်ဝယ်အရောက်ပေးအပ်

မြစ်ကြီးနား     အောက်တိုဘာ ၁၁

          လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံး၏ ကြီး ကြပ်မှုဖြင့် မြစ်ကြီးနားမြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပြီးစီးခဲ့သော မြစ်ကြီး နားမြို့၊ စီတာပူရပ်ကွက် နေပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ လက်ဝယ်အရောက် ပေးအပ်ပွဲကို အောက်တိုဘာ ၁၁ ရက် နံနက် ၉ နာရီခွဲတွင် မြစ်ကြီးနားမြို့နယ် OSS ရုံးဝင်အတွင်းရှိ မနောရွှေပြည်ခန်းမ၌ ကျင်းပပြုလုပ်သည်။

          နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြည်နယ်အတွင်းရှိ မြို့နယ်ပေါင်း (၁၈)မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ် ပြားများ ဆောင်ရွက်ပေးခြင်းသည် နိုင်ငံသားဥပဒေနှင့်အညီ ဆောင်ရွက်ပေးခြင်းဖြစ်ပြီး ယနေ့ စီတာပူရပ်ကွက်နေ တိုင်းရင်းသားပြည်သူများအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြား လက်ဝယ် အရောက်ပေးအပ်နိုင်ခြင်းသည် ပန်းခင်းစီမံချက်၏ အောင်မြင်မှုရလာဒ်ဖြစ်ပါကြောင်း၊ ဒါ့အပြင် ကျန်ရှိနေသည့် ကျေးရွာအုပ်စုများတွင်လည်း ဆက်လက်ကွင်းဆင်းဆောင်ရွက်ပေးနိုင်ရေး “လူမှု ဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်အတိုင်း အောင်မြင်စွာဆောင်ရွက်နိုင်ရေး အဖွဲ့ အစည်းအားလုံးက ဝိုင်းဝန်းကူညီပေးကြရန်လိုကြောင်း တိုက်တွန်းပြောကြားသည်။

          ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး၊ ပြည်နယ်ဦးစီးမှူး ဦးဝင်းရဲထွန်းက ပန်းခင်းစီမံချက်ဖြင့် ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးနေမှုဆိုင်ရာ လုပ်ငန်းများနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများရရှိရေး ဝန်ထမ်းများ၏ ဝန်ဆောင်မှုလုပ်ငန်းများ အပေါ် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရေး ရှင်းလင်းပြောကြားသည်။

          ယင်းနောက်မြစ်ကြီးနားမြို့၊စီတာပူရပ်ကွက်နေပြည်သူ(၆၈)ဦးတို့အတွက် ပန်းခင်းစီမံချက် ဖြင့် ဆောင်ရွက်ပေးခဲ့သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများက ပြည်သူများ လက်ဝယ်အရောက်ဖြန့် ဝေပေးအပ်ခဲ့ကြရာ စီတာပူရပ်ကွက်နေ ပြည်သူများကိုယ်စား ရပ်မိရပ်ဖတစ်ဦးက ကျေးဇူးတင် စကားပြန်လည်ပြောကြားခဲ့သည်။

          ပန်းခင်းစီမံချက်ဖြင့် ကချင်ပြည်နယ်အတွင်းရှိ မြို့နယ်ပေါင်း (၁၈)မြို့နယ်တွင် လူဝင်မှုကြီး ကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးများမှ မြန်မာနိုင်ငံသားတိုင်းရင်းသား ဥပဒေအရ နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ဆောင်ရွက်ပေးခဲ့ရာ ၃.၅.၂၀၂၁ ရက်နေ့မှစတင်၍ ယနေ့အထိ နိုင်ငံသားစိစစ်ရေးကတ်ပြားပေါင်း ၁၈၁၁၇ ကတ်ကို ဆောင်ရွက်ပေးနိုင်ခဲ့သည့်အပြင် အသက် ၁၈ နှစ်ပြည့်လဲလှယ်ခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားပျောက်ဆုံး/ပျက်စီးခြင်းများကိုပါ တစ်ပါတည်းဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် အိမ်ထောင်စုနှင့်လူဦးရေစာရင်း လိုအပ်မှုများကို လည်း နေထိုင်မှုပုံစံ (၄)ဖြင့်  လူဦးရေပေါင်း (၆၆၈၃)ဦးပါဝင်သည့် အိမ်ထောင်စုပေါင်း (၁၃၉၆)စု အတွက် ထုတ်ပေးနိုင်ခဲ့ကြောင်း သိရှိရသည်။

          အလားတူ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်သယံဇာတရေးရာဝန်ကြီးနှင့်အတူ စီတာပူ ရပ်ကွက်အတွင်း ဒေသခံပြည်သူများနှင့် အသက် ၁၂ နှစ်အထက် ကျောင်းသား/သူများအား ကချင်ပြည်နယ်အခမဲ့ဆေးဝါးကုသရေးဖောင်ဒေးရှင်း၏ ဝိုင်းဝန်းကူညီမှုဖြင့် ကျန်းမာရေးဌာနမှ ဝန်ထမ်းများ၏ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံ ပေးနေမှုကို သွားရောက်ကြည့်ရှု အားပေးခဲ့ကြပြီး ကာကွယ်ဆေးထိုးရန် လာရောက်သူများအား နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေပေးခဲ့ကြကာ ကျန်းမာရေးဝန်ထမ်းများအတွက် ထောက်ပံ့ မှုများ ဆောင်ရွက်ပေးခဲ့ကြသည်။