ကချင်ပြည်နယ်အစိုးရအဖွဲ့မှ မြစ်ကြီးနားမြို့၌ တစ်ရက်လျှင် လီတာ ၄၀ ဝင်ဆံ့သည့် အောက်စီဂျင်အိုး အလုံးရေ ၁၂၀ ထုတ်လုပ်နိုင်သည့် အောက်စီဂျင်စက်ရုံ ဖွင့်လှစ်

 ကချင်ပြည်နယ်အစိုးရအဖွဲ့မှ မြစ်ကြီးနားမြို့၌ တစ်ရက်လျှင် လီတာ ၄၀ ဝင်ဆံ့သည့် အောက်စီဂျင်အိုး အလုံးရေ ၁၂၀ ထုတ်လုပ်နိုင်သည့် အောက်စီဂျင်စက်ရုံ ဖွင့်လှစ်

မြစ်ကြီးနား     သြဂုတ် ၃၀

          ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး အတွက် အောက်စီဂျင်လိုအပ်ချက် ပြည့်မီဖူလုံစွာရရှိရေး ကြိုးပမ်းဆောင်ရွက်ခဲ့ရာ မြစ်ကြီးနားမြို့ ၌ တစ်ရက်လျှင် လီတာ ၄၀ ဝင်ဆံ့သည့် အောက်စီဂျင်အိုး အလုံးရေ ၁၂၀ ထုတ်လုပ်နိုင်သည့် အောက်စီဂျင်စက်ရုံအား သြဂုတ် ၃၀ ရက် နံနက် ၈ နာရီခွဲတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး တို့က ဖွင့်လှစ်ပေးခဲ့ကြသည်။

          အောက်စီဂျင်စက်ရုံဖွင့်ပွဲ အခမ်းအနားကို မြစ်ကြီးနားမြို့ ပြည်နယ်အားကစားနှင့်ကာယ ပညာဦးစီးဌာနဝင်းအတွင်းရှိ စက်ရုံအဆောက်အဦရှေ့၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ကိုဗစ်-၁၉ ရောဂါတတိယလှိုင်း စတင်သည့် မေလနောက်ဆုံးပတ်မှ သြဂုတ် ၂၉ ရက်နေ့အထိ ကူးစက်ခံရသူ ၁၁၁၅၆ ဦးဖြစ်ပြီး ကုသဆဲ ၂၀၆၁ ဦး၊ ဆေးရုံဆင်းသွားသူ ၈၅၅၃ ဦး၊ သေဆုံးသူ ၅၄၂ ဦးဖြစ်ခဲ့ကြောင်းကို ဝမ်းနည်းဖွယ်တွေ့ရှိခဲ့ရပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါပြင်းထန် မှုအဆင့်တွင် ကူးစက်ခံရသူ၏ အသက်ကို အန္တရာယ်အပေးနိုင်ဆုံးဖြစ်သည့် အောက်စီဂျင်ရယူရှူ ရှိုက်ရေးနှင့် အောက်စီဂျင်လိုအပ်ချက်ကြောင့် သေဆုံးရသည်ကို သုံးသပ်တွေ့ရှိရပါကြောင်း၊ ယခု လို အရေးကြီးသည့် အောက်စီဂျင်လိုအပ်ချက်ကို သက်ဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်း အဖွဲ့များနှင့် ပြည်နယ်သူ/သားများမှ ပူးပေါင်းပါဝင်ဆောင်ရွက်လာသည်ကို တွေ့ရှိရသည့်အတွက် မိမိတို့အနေဖြင့် အထူးပင်ဝမ်းသာ၊ ဂုဏ်ယူမှတ်တမ်းတင်ကျေးဇူးတင်ရှိပါကြောင်းနှင့် အနာဂတ် ရည်မှန်းချက်အတွက် အောက်စီဂျင်အလုံအလောက် အလျှံပယ်ရရှိရေး စက်ရုံပေါင်း ၁၁ ရုံတည် ဆောက်ရန် စီစဉ်လျက်ရှိပါကြောင်း ပြောကြားသည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မြတ်သက်ဦးနှင့် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးဝန်ကြီး ဗိုလ်မှူးကြီး ကျော်လင်းအောင်တို့က စက်ရုံအဆောက်အဦကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ကချင်ပြည်နယ်အစိုးရအဖွဲ့၏ အောက်စီဂျင်စက်ရုံ ဆိုင်းဘုတ်အား စက်ခလုတ် နှိပ်ဖွင့်လှစ်ပေးကြ သည်။

ဆက်လက်၍  အောက်စီဂျင်စက်ရုံအတွင်း တစ်ရက်လျှင် လီတာ ၄၀ ဆံ့အောက်စီဂျင်အိုး အလုံးရေ ၁၂၀ ထွက်ရှိမည့် အောက်စီဂျင်စက်အား မီးခလုတ်နှိပ် စတင်လည်ပတ်ပေးကြပြီး ပြည်နယ်ဝန်ကြီးများနှင့်အတူ အမွှေးနံသာရည်ဖြင့် ပက်ဖျန်းပေးခဲ့ကြကာ အောက်စီဂျင်စက်လည် ပတ်ထုတ်လုပ်ပုံအဆင့်ဆင့်၊ အောက်စီဂျင်အိုးများစုဆောင်းထားရှိမှုတို့နှင့်ပတ်သက်၍ တာဝန်ရှိသူ များ၏လိုက်လံရှင်းလင်းပြသမှုကို ကြည့်ရှုအားပေးခဲ့ကြပြီး လိုအပ်သည်များ ဖြည့်စွက်ဆောင်ရွက် နိုင်ရေး ညှိနှိုင်းပေါင်းစပ်ပေးခဲ့သည်။

          ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ တွင် အောက်စီဂျင်လိုအပ်ချက် ပြည့်မီဖူလုံရေးအတွက် မြစ်ကြီးနားခရိုင်တွင် (၅)ရုံ၊ မိုးညှင်းခရိုင် တွင် ၃ ရုံ၊ ဗန်းမော်ခရိုင်တွင် ၂ ရုံ၊ ပူတာအိုခရိုင်တွင် ၁ ရုံတို့ဖြင့် စုစုပေါင်းအောက်စီဂျင်စက်ရုံ ၁၁ ရုံ တည်ဆောက်သွားမည်ဖြစ်ကြောင်းနှင့် လက်ရှိတွင် အောက်စီဂျင်စက်ရုံ ၅ ရုံမှ တစ်ရက်လျှင် လီတာပေါင်း ၁၅၄၈၀ ဖြင့် ထုတ်လုပ်လည်ပတ်လျက်ရှိကြောင်း သိရှိရသည်။