ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ဝန်ကြီးဌာနအောက်ရှိ အရာထမ်း၊ အမှုထမ်းဝန်ထမ်းများနှင့်တွေ့ဆုံ၊ ထောက်ပံ့ငွေများပေးအပ်

 ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ဝန်ကြီးဌာနအောက်ရှိ အရာထမ်း၊ အမှုထမ်းဝန်ထမ်းများနှင့်တွေ့ဆုံ၊ ထောက်ပံ့ငွေများပေးအပ်

မြစ်ကြီးနား     ဇန်နဝါရီ ၉

          ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ဇန်နဝါရီ ၉ ရက် မွန်းလွဲ ၁ နာရီခွဲက  ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ လူထုအခြေပြုဗဟိုဌာန ဝန်ကြီးဌာနအောက်ရှိ အရာထမ်း/ အမှုထမ်းဝန်ထမ်းများနှင့် တွေ့ဆုံ၍ လမ်းညွှန်အမှာစကားပြောကြားကာ ဝန်ထမ်းများ အား ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သိရှိရသည်။

          တွေ့ဆုံပွဲသို့ ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား(ထပ်ဆင့်လွှင့်စက်ရုံ)၊ ကိုယ်ပွားသတင်း စာတိုက်(မြစ်ကြီးနား)နှင့် တိုင်းရင်းသားလူမျိုးများရုပ်သံလိုင်း(NRC)မှ အရာထမ်း၊ အမှုထမ်းများ၊ ကချင်ပြည်နယ်စာကြည့်တိုက်များဖောင်ဒေးရှင်းဥက္ကဋ္ဌ စာရေးဆရာ အကြီးကိုကို(ကသာ)၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးတိုးထွန်း၊ ရပ်မိရပ်ဖများ၊ မြို့နယ်စာရေးဆရာများအသင်းမှ စာရေး ဆရာများ တက်ရောက်ခဲ့ကြသည်။

          ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် လူထုအခြေပြုဗဟိုဌာန(Community Centre) မြစ်ကြီးနားရှိ ပြတိုက်ငယ်ဖွင့်လှစ်ပြသထားရှိမှု၊ ကလေးစာဖတ်ခန်းဆောင်ရွက်ထားရှိမှု၊ ပြည်သူ့ စာကြည့်တိုက်အတွင်း အသိပညာပေးဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများနှင့် ကွန်ပျူတာသင်တန်းခန်းမတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းလိုအပ်ချက်များကို တာဝန်ရှိသူများအား မှာကြားခဲ့သည်။

          ယင်းနောက် တွေ့ဆုံပွဲအခမ်းအနားကို ကျင်းပရာ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြော ကြားရာတွင် ဝန်ထမ်းများဖြစ်သည့် အတွက် ပါတီနိုင်ငံရေးကင်းရှင်းစွာ ဆောင်ရွက်ရန်၊ နိုင်ငံတော်နှင့် ပြည်သူ့အတွက် အကျိုးရှိသည့် ဝန်ဆောင်မှုလုပ်ငန်းများကို ကြိုးစားဆောင်ရွက်ရန် လိုအပ်ကြောင်း၊ စိတ်ထားကောင်းသည့်၊ နိုင်ငံ ချစ်တတ်သည့် လူငယ်များ ပေါ်ထွန်းလာစေရေး၊ ပြည်သူများထံ သတင်းမှန်များ အချိန်နှင့် တစ်ပြေးညီ  သိရှိစေရေးနှင့် နိုင်ငံတော်က အားထားရသည့် မီဒီယာသမားများဖြစ်လာစေရေး ကြိုးစား ကြရန် လိုအပ်ပါကြောင်း၊ ယခု လူထုအခြေပြုဗဟိုဌာနကို ပြည်သူများ၊ လူငယ်များ ပိုမိုလာရောက် အသုံးပြုနိုင်ရေး ထိုးထွင်းကြံဆဆောင်ရွက်ကြရန် လိုကြောင်း လမ်းညွှန်မှာကြားသည်။

          ထို့နောက် ပြည်နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးလှဌေးက ၂၀၂၂ ခုနှစ်အတွင်း ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများအား လည်းကောင်း၊ စာရေးဆရာ များနှင့် ရပ်မိရပ်ဖများက အသိပညာပေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နေမှုူများကိုလည်းကောင်း ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ နိဂုံးချုပ် အမှာစကားပြောကြားခဲ့သည်။

          ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဝန်ထမ်းများ အတွက် ထောက်ပံ့ငွေများကို ထောက်ပံ့ပေးအပ်ခဲ့သည်။

          အလားတူ ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ ကိုယ်ပွားသတင်းစာတိုက်        (မြစ်ကြီးနား)သို့ ရောက်ရှိပြီး လှည့်လည်ကြည့်ရှုစစ်ဆေးကာ ကိုယ်ပွားသတင်းစာတိုက် ဝန်ထမ်း များအတွက် ထောက်ပံ့ငွေများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။