လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန် ကချင်ပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေမှု အခြေအနေများနှင့် ပတ်သက်၍ ဝန်ကြီးဌာန အောက်ရှိ အရာထမ်း/ အမှုထမ်းဝန်ထမ်းများနှင့် တွေ့ဆုံ

 လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန် ကချင်ပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေမှု အခြေအနေများနှင့် ပတ်သက်၍ ဝန်ကြီးဌာန အောက်ရှိ အရာထမ်း/ အမှုထမ်းဝန်ထမ်းများနှင့် တွေ့ဆုံ

မြစ်ကြီးနား     ဇန်နဝါရီ ၉

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် ဌာနဆိုင်ရာ အကြီးအကဲများနှင့်အတူ ဇန်နဝါရီလ ၉ ရက် မွန်းလွဲ ၁ နာရီတွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာရုံးတွင် ပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနေမှုအခြေ အနေများနှင့်ပတ်သက်၍ ပြည်နယ်အတွင်းရှိ အရာထမ်း၊ အမှုထမ်းများနှင့် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ခဲ့သည်။

          အဆိုပါ တွေ့ဆုံညှိနှိုင်းအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ ကချင်ပြည်နယ်အတွင်းရှိ ပြည်နယ်/ခရိုင်/မြို့နယ်လျှပ်စစ်အင်ဂျင်နီယာများ၊ မြို့နယ်လျှပ်စစ်မှူးများ၊ လျှပ်စစ်ဓာတ်အား ခွဲရုံမှူးများ၊ ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန၊ အမှတ်(၂)တည်ဆောက်ရေး၊ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) (၄)ရုံးမှ ဝန်ထမ်းများ၊ ချီဖွေငယ်ရေအားလျှပ်စစ်စက်ရုံမှူး၊ မဟာဓာတ်အား လိုင်းမှူး(ဝိုင်းမော်)၊ ဝိုင်းမော်ပင်မဓာတ်အားခွဲရုံမှူးနှင့် ဝန်ထမ်းများတက်ရောက် ခဲ့ကြသည်။

          ရှေးဦးစွာ ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာက ပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူး ပေးနေမှု၊ ဓာတ်အားပျောက်ဆုံးမှုနှင့် ဓာတ်အားပြတ်တောက်မှု လျော့နည်းကျဆင်းစေရေးဆောင် ရွက်ထားရှိမှု၊ ဘဏ္ဍာရေးနှစ်အလိုက် ဆောင်ရွက်သွားမည့် လုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက် သွားမည့် လုပ်ငန်းအစီအမံများအား ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လျှပ်စစ်မီးရရှိရေးသည် အဓိကကျသဖြင့် ပြည်သူများ၏ လူမှုစီးပွားဘဝများ မြင့်မားတိုးတက်လာ စေရန် လိုအပ်နေသည့် လျှပ်စစ်ဓာတ်အားကို တိုးတက်ထုတ်လုပ်ပေးနိုင်ရေး စီမံဆောင်ရွက်လျက် ရှိပါကြောင်း၊ တစ်ဖက်တွင်လည်း NUG လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများမှ ဖျက်ဆီးထားသော လျှပ်စစ်ဓာတ်အားလိုင်းများကိုလည်း ပြုပြင်ဆောင်ရွက်နိုင်ရေး စီမံဆောင်ရွက် လျှက်ရှိပါကြောင်း၊ ယခုကာလမှစတင်၍ လာမည့်‌နွေရာသီကာလအထိ လျှပ်စစ်ဓာတ်အားကို စဉ်ဆက်မပြတ်ဖြန့်ဖြူးပေးနိုင်ရေး ဆည်များသို့ ဝင်ရောက်နေသည့်ရေများကို စနစ်တကျသိုလှောင် ၍ ထိန်းသိမ်းမောင်းနှင် ပေးလျက်ရှိပါကြောင်း၊ ယခုအချိန်ကာလတွင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုနှင့် သုံးစွဲမှုမမျှတသည့်အတွက် ခွဲဝေရရှိသည့် ဓာတ်အားကို မျှတစွာ ခွဲဝေဖြန့်ဖြူးသွားရန် လိုအပ်ပါကြောင်း၊ မီးသုံးစွဲသူ ပြည်သူများမှ မိမိတို့ရရှိသည့် အချိန်ကို ကြိုတင်သိရှိပြင်ဆင်နိုင်ရန် ကျယ်ကျယ်ပြန့်ပြန့် ကြိုတင်အသိပေး ဆောင်ရွက် သွားရန်လိုအပ်ကြောင်း၊ ဓာတ်အားပျောက်ဆုံးမှု နှင့် ဓာတ်အားပြတ်တောက်မှု လျော့နည်းကျဆင်းရေး၊ လျှပ်စစ်ဓာတ်အားခကျသင့်ငွေများ အပြည့် အဝကောက်ခံရရှိစေရေး ပြည်နယ်/ခရိုင်/မြို့နယ်လျှပ်စစ်အင်ဂျင်နီယာများ၊ ဘဏ္ဍာရေးတာဝန်ခံများ မှဆောင်ရွက်သွားရန်နှင့် မီတာဖတ်ခြင်း၊ မီတာဘေလ်ဝေခြင်းနှင့် ဓာတ်အားခကောက်ခံခြင်း လုပ်ငန်းများကို တက်ညီလက်ညီ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန်၊ ပြည်သူများ ဓာတ်အား ပြည့်ဝစွာ သုံးစွဲနိုင်ရန်အတွက် ဓာတ်အားပေးစက်ရုံများ၊ ဓာတ်အားခွဲရုံများနှင့် ဓာတ်အားလိုင်းများ အား ကြံ့ခိုင်ကောင်းမွန်စေရေး စဉ်ဆက်မပြတ် စစ်ဆေးဆောင်ရွက်သွားရန်၊ လျှပ်စစ်ဓာတ်အား များကို တရားမဝင်နည်းလမ်းများဖြင့် ရယူသုံးစွဲမှုမရှိစေရေး ကြပ်မတ်ဆောင်ရွက်သွားရန်၊ မိမိတို့ စက်ရုံ၊ ဓာတ်အားခွဲရုံ၊ ရုံးအဆောက်အဦနှင့် တာဝန်ထမ်းဆောင်သည့် နေရာဒေသ အနီးပတ်ဝန်းကျင် တို့တွင် လုံခြုံရေးတာဝန်များ စနစ်တကျချထားပြီး လစ်ဟာမှုမရှိစေရေး ဆောင်ရွက်သွားရန်၊ လုပ်ငန်းများဆောင်ရွက်ရာတွင်လည်း လုံခြုံရေးအသိ၊ လုံခြုံရေးသတိ အမြဲရှိစေရေး အထူးဂရုပြု ဆောင်ရွက်သွားရန်နှင့် မိမိတို့ဝန်ကြီးဌာန၏ ရည်မှန်းချက်များ အောင်မြင်အောင် စေတနာထား၍ ဝိုင်းဝန်းဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားသည်။ ဆက်လက်၍ ပြည်‌ထောင်စုဝန်ကြီးက ပြည်နယ်အတွင်းရှိ ဝန်ထမ်းများအတွက် ထောက်ပံ့ငွေ များပေးအပ်ခဲ့ကြောင်း သိရှိရသည်။