Miss Universe Myanmar 2022 ဆုရှင် ကချင်ပြည်နယ်မှအလှမယ် ဇာလီမိုး အား ကချင်ပြည်နယ်အစိုးရဖွဲ့မှ ကြိုဆိုဂုဏ်ပြု၊ ပြည်နယ်ဝန်ကြီးချုပ်(၁၂)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲတော်နှင့် တန်ဆောင်တိုင်ပွဲတော် ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်

 Miss Universe Myanmar 2022 ဆုရှင် ကချင်ပြည်နယ်မှအလှမယ် ဇာလီမိုး အား ကချင်ပြည်နယ်အစိုးရဖွဲ့မှ ကြိုဆိုဂုဏ်ပြု၊ ပြည်နယ်ဝန်ကြီးချုပ်(၁၂)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲတော်နှင့် တန်ဆောင်တိုင်ပွဲတော် ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်

မြစ်ကြီးနား     အောက်တိုဘာ ၁၈

         ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလအတွင်း အမေရိကန်နိုင်ငံ၊ လူဝီစီးယားနားပြည်နယ်၊ နယူးအော်ရီလင်း၌ ကျင်းပပြုလုပ်မည့် (၇၁)ကြိမ်မြောက် Miss Universe ပြိုင်ပွဲတွင် မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် သွားရောက်ယှဥ်ပြိုင်မည့် ကချင်ပြည်နယ်မှအလှမယ် ဇာလီမိုးသည် ယနေ့နံနက် ၁၀ နာရီက မြစ်ကြီးနားလေဆိပ်သို့ ရောက်ရှိရာ ပြည်နယ်အမျိုးသမီး အားကစားအဖွဲ့ဆပ်ကော်မတီ နာယက ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ‌ဒေါ်နန်ဆိုင်းနှင့်အဖွဲ့ဝင်များ၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီး ဌာနမှ အရာထမ်း၊ အမှုထမ်းများက ဘင်ခရာအဖွဲ့များ ၊ရိုးရာအကအဖွဲ့များ၊ အေရိုးဗစ်အကအဖွဲ့ များဖြင့် တီးမှုတ်ကပြကာ လှိုက်လှိုက်လှဲလှဲ ကြိုဆိုဂုဏ်ပြုခဲ့ကြသည်။

ထို့နောက် ကချင်ပြည်နယ်အစိုးရအဖွဲ့ မလိခခန်းမ၌ ဂုဏ်ပြုပွဲအခမ်းအနားအား ဆက်လက် ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က “Miss Universe Myanmar ပြိုင်ပွဲတွင် ကချင်ပြည်နယ် ကိုယ်စားပြုအဖြစ် သွားရောက်ယှဥ်ပြိုင်ကာ သရဖူဆုကို ဆွတ်ခူးရရှိခဲ့သည့် ကချင် ပြည်နယ်ဖွား အလှမယ်ဇာလီမိုးအား ပြည်နယ်ကိုယ်စား များစွာဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊အခက် အခဲအမျိုးမျိုးကြားမှ သွားရောက်ယှဥ်ပြိုင်ကာ ပြည်နယ်ဂုဏ်ကိုဆောင်နိုင်ခဲ့ခြင်းကြောင့် အထူးပင် ကျေးဇူးတင်ရှိပါကြောင်း၊ လာမည့် ၂၀၂၃ခုနှစ် Miss Universe ပြိုင်ပွဲကြီးတွင်လည်း သရဖူဆုအား ဆွတ်ခူးရရှိကာ  နိုင်ငံဂုဏ်၊ ပြည်နယ်ဂုဏ်ကို မြှင့်တင်နိုင်သော အလှမယ်တစ်ဦးဖြစ်လာရေးအတွက် အစွမ်းကုန်ကြိုးစားယှဥ်ပြိုင်သွားရန် ဂုဏ်ပြုအားပေးစကားပြောကြားခဲ့သည်။

ယင်းနောက် Miss Universe Myanmar 2022 ဆုရှင် အလှမယ် ဇာလီမိုးက ၄င်းဝင်ရောက် ယှဥ်ပြိုင်ခဲ့သည့် ပြိုင်ပွဲအတွေ့အကြုံများအား ရှင်းလင်း‌ပြောပြကာ ဆက်လက်ယှဥ်ပြိုင်ရမည့် ပြိုင်ပွဲ အရပ်ရပ်တွင်လည်း ဆုများဆွတ်ခူးရရှိရေး ကြိုးစားယှဥ်ပြိုင်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

          ၄င်းနောက် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီးဒေါ်နန်ဆိုင်းက ပြည်နယ် အစိုးရအဖွဲ့မှ ချီးမြှင့်သည့် ဂုဏ်ပြုဆုငွေကျပ် (၁၀)သိန်းအား Miss Universe Myanmar 2022 ဆုရှင် အလှမယ် ဇာလီမိုးအား  ဂုဏ်ပြုချီးမြှင့်ပြီး၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်ကလည်း ပြည်နယ်အားကစားနှင့်ကာပညာဦးစီးဌာနမှ ချီးမြှင့်သည့် ဂုဏ်ပြုဆုငွေကျပ် (၅)သိန်းအား ထပ်မံ ချီးမြှင့်ပေးအပ်ခဲ့သည်။ဆက်လက်၍ ပြည်နယ်စီးပွားရေးရာဝန်ကြီး  ဦးမျိုးဆွေက ကြိုဆိုဂုဏ်ပြုရေး အဖွဲ့များအတွက် ထောက်ပံ့ငွေများအား ပေးအပ်ခဲ့သည်။

          (၉)ကြိမ်မြောက်ကျင်းပသည့် မယ်စကြာဝဠာပြိုင်ပွဲအား ရန်ကုန်မြို့တွင် အောက်တိုဘာလ (၁)ရက်နေ့က ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ကချင်ပြည်နယ် ဗန်းမော်မြို့သူ အလှမယ် ဇာလီမိုးမှ စကာတင်(၁၆)ဦးတွင် ရွေးချယ်ခြင်းခံရပြီး  နောက်ဆုံးယှဥ်ပြိုင်မှုတွင် ၂၀၂၂ခုနှစ် မယ်စကြာဝဠာ မြန်မာဆုကို ဆွတ်ခူးရရှိခဲ့ခြင်းဖြစ်ပြီး လာမည့် ၂၀၂၃ ခုနှစ်တွင် အမေရိကန်နိုင်ငံတွင် ကျင်းပမည့် (၇၁) ကြိမ်မြောက် Miss Universe ပြိုင်ပွဲကြီးတွင် နိုင်ငံပေါင်း (၈၀)ကျော်မှ အလှမယ်များနှင့်အတူ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ဝင်ရောက်ယှဥ်ပြိုင်သွားမည်ဖြစ်ကြောင်းသိရသည်။

          အလားတူ ပြည်နယ်ဝန်ကြီးချုပ်သည် မွန်းလွဲပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ၂၀၂၂ခုနှစ် ဒွါဒသမအကြိမ်မြောက် ကချင်ပြည်နယ်အစိုးရအဖွဲ့၏ စုပေါင်းမဟာဘုံကထိန်ပွဲတော်နှင့် တန်ဆောင်တိုင်ပွဲ‌တော် အောင်မြင်စွာကျင်းပနိုင်‌ရေးအတွက် ပွဲတော်ကျင်းပရေးကော်မတီဝင်များနှင့် တွေ့ဆုံဆွေးနွေးသည်။

          ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်က (၁၂)ကြိမ်မြောက် စုပေါင်းမဟာဘုံ ကထိန်ပွဲနှင့် တန်ဆောင်တိုင်ပွဲတော်ကို ယခင်နှစ်များကဲ့သို့ အစဥ်လာမပြတ် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး၊ ကိုဗစ်-၁၉ရောဂါကာကွယ်‌ရေးလမ်းညွှန်ချက်များနှင့်အညီ ကျင်းပနိုင်ရေး၊ ပြည်သူများ လုံခြုံတည်ငြိမ်အေးချမ်းစွာဖြင့် ပါဝင်ဆင်နွှဲနိုင်ရေးအတွက် ဆပ်ကော်မတီများအား ဖွဲ့စည်းတာဝန် ပေးအပ်ပြီး လုပ်ငန်းတာဝန်များကို ခွဲဝေသတ်မှတ်ပြီးဖြစ်ကြောင်း၊ ပွဲတော်အောင်မြင်စွာ ကျင်းပနိုင် ရေးအတွက် တက်‌‌ရောက်လာသူများမှ ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြရန် တိုက်တွန်းပြော ကြားသည်။

         ထို့နောက် ကချင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးများ၊ စုပေါင်းမဟာဘုံကထိန်ပွဲတော် နှင့်တန်ဆောင်တိုင်ပွဲတော်ကျင်းပရေးကော်မတီဝင်များက ကြိုတင်ဆောင်ရွက်မည့်အစီအမံများ၊ ဆောင်ရွက်ထားရှိသည့် အစီအစဥ်များအား ဝိုင်းဝန်းဆွေး‌နွေးတင်ပြကြရာ တင်ပြဆွေးနွေးမှုများ အပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပွဲတော်အောင်မြင်စွာ ကျင်းပနိုင်‌ရေး ကော်မတီဝင်များအနေဖြင့် အားနည်းမှု၊ လစ်ဟင်းမှု မရှိစေဘဲ အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်သွားကြရေး ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်းသိရသည်။