ကချင်ပြည်နယ်ဝန်ကြီးချုပ် ပလနကျေးရွာအုပ်စုအတွင်းရှိ ကြက်မွေးမြူရေးခြံနှင့် နောင်နန်းကျေးရွာ အုပ်စုအတွင်းရှိ မိုးစပါးစိုက်လယ်များတွင် ဆီမုန်ညှင်းစိုက်ပျိုးနိုင်ရေး ကွင်းဆင်းစစ်ဆေး၊ မြစ်ကြီးနားမြို့၌ မုတ်သုံဦး MSME ထုတ်ကုန်ပြပွဲ/ပြိုင်ပွဲနှင့် ဈေးရောင်းပွဲ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း ဆွေးနွေး၊ လယ်ကုန်း-ဇီးလွန်ရေဝင်ပေါက် တာဘောင်ဖို့ခြင်းနှင့် အင်ဂျန်ဒုံယာယီတိမ်းရှောင်စခန်းရှိ အင်းတော်ကြီးဒေသ၊ နန့်မွန်းမြို့မှ အိမ်ထောင်စုများအား တွေ့ဆုံထောက်ပံ့
မြစ်ကြီးနား မေ ၂၇ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် မြစ်ကြီးနားမြို့နယ် ပလနကျေးရွာအုပ်စုအတွင်းရှိ ပုဂ္ဂလိပိုင်ကြက်မွေးမြူရေးခြံများသို့ သွားရောက်ပြီး မွေးမြူရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေး ယနေ့ နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြ သည်။ ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပလနကျေးရွာအုပ်စု၊ ငွေပျော်စံပြကျေးရွာအနီးရှိ မြေဧရိယာအတွင်း ကြက်ခြံများ တည်ဆောက်ရေး အသားတိုးကြက်မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် အသားတိုးကြက်ခြံ၌ ကြက်များမွေးမြူထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ဒေသတွင်း ဖြန့်ဖြူးရောင်းချနိုင်မှုနှင့် ကြက်စာနှင့် ကြက်သားပေါက်များ မှာယူရရှိမှု အခြေအနေများကို မေးမြန်းဆွေးနွေးခဲ့ကြကာ အဆိုပါ မြေဧရိယာအတွင်း ကြက်မွေးမြူရေးလုပ်ငန်းအပြင် ပုဂ္ဂလိကလုပ်ငန်းရှင်များအား စည်းရုံးဖိတ်ခေါ်၍ လုပ်ထုံးလုပ်နည်းနှင့်အညီ နွားနှင့် အခြားမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်စေခြင်းဖြင့် မွေးမြူရေးဇုံကဲ့သို့ နေရာတစ်ခုဖြစ်လာစေရန် ကြိုးစားကြရမည်ဖြစ်ကြောင်း မှာကြားခဲ့ကာ လိုအပ်သည်များကို ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။…